လေးစားမှုမရှိတဲ့ အပြုအမူကြောင့် ပြင်းထန်စွာ အရေးယူခံလိုက်ရတဲ့ ရော်နယ်ဒို

Posted on

တော့တင်ဟမ် နဲ့ ပွဲမှာ ပွဲချိန်(၈၉)မိနစ်မှာပဲ ဥမင်ထဲ ဝင်ရောက်သွားတဲ့ ရော်နယ်ဒို ရဲ့ လုပ်ရပ် က လက်မခံနိုင်စရာ ဖြစ်ခဲ့ပြီး ပရိတ်သတ်တွေကြား ဝေဖန်မှုမြင့်တက်လာခဲ့ကာ အဆိုပါအခြေအနေကို အဲရခ်တန်ဟဂ် ကလည်း ပြတ်သားစွာ ကိုင်တွယ်ဖြေရှင်းလိုက်ပြီဖြစ်ပါတယ်။
ယနေ့ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ အခြေအနေဟာ ထင်တာထက် ပိုမိုဆိုးရွားနေပြီး ရော်နယ်ဒို ဟာ အသင်းနဲ့နည်းပြ အပေါ် လေးစားမှုမရှိတဲ့ လုပ်ရပ်တွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။မန်ယူနိုက်တဒ် အနေနဲ့ ရော်နယ်ဒို ကို ပွဲထွက်ခွင့်မပေးပဲ အရံခုံမှာဆက်လက်ထားရှိမယ်ဆိုပါက အသင်းအနေနဲ့ ရော်နယ်ဒို ရဲ့ ပုံရိပ်ကိုလေးစားသောအားဖြင့် စာချုပ်ဖျတ်သိမ်းပေးကြောင်း ရီယိုဖာဒီနန် က ပြောဆိုဝေဖန်ခဲ့ပါသေးတယ်။

Chris Wheeler DM ရဲ့ဖော်ပြချက်အရ တန်ဟဂ် က ရော်နယ်ဒို ကို ပွဲချိန် (၈၇)မိနစ်မှာ လူစားလဲဝင်ရောက်ရန် သွေးပူလေ့ကျင့်ခန်းဆင်းစေခဲ့ပေမယ့် ပေါ်တူဂီသား က ငြင်းဆိုကာ ဥမင်ထဲကို တိုက်ရိုက် ဝင်ရောက်သွားတာဖြစ်တယ်လို့ သိရပါတယ်။ရော်နယ်ဒို က အဝတ်လဲခန်းထဲမှာလည်း အသင်းဖော်တွေကိုစောင့်ဆိုင်းနေခြင်း မရှိသလို နည်းပြအဖွဲ့ကိုလည်း ရှင်းလင်းမှု တစုံတရာ ပြုလုပ်ခြင်းမရှိပဲ အိုးထရဒ့်ဖိုဒ့် ကနေ စောလျှင်စွာ ထွက်ခွာသွားခဲ့ပြီး ယူနိုက်တဒ် ရဲ့ အောင်ပွဲခံမှုအတွင်း ပါဝင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ တန်ဟဂ် အနေနဲ့ ရော်နယ်ဒို ရဲ့ အပြုမူအပေါ် အတော်လေးစိတ်ပျက်နေပြီး အသင်းရဲ့ စည်းလုံးမှုကို ထိခိုက်မှာပါ စိုးရိမ်နေတာကြောင့် ဇန်နဝါရီဈေးကွက်မှာထွက်ခွာလိုရင် ထွက်ခွင့်ပေးထားကြောင်း wheeler က ဆိုပါတယ်။

နောက်ဆက်တွဲသတင်းတွေအရ ရော်နယ်ဒို ဟာ မနေ့က စပါးနဲ့ ပွဲမှာ လူစားဝင် ကစားဖို့ ငြင်းဆန် ခဲ့တာကြောင့် ဒီတစ်ပတ် ချဲလ်ဆီး နဲ့ ပွဲမှာ ပါဝင်ခွင့် ရတော့မှာ မဟုတ်သလို စီနီယာ ကစားသမားတွေနဲ့လည်း လေ့ကျင့်ခန်း ဆင်းခွင်း ရတော့မှာ မဟုတ်ပါဘူး ။တန်ဟက် နဲ့ ရော်နယ်ဒို ကြား ဆက်ဆံရေး ပျက်ပြား သွားခဲ့ပြီ ဖြစ်ပြီး ကလပ် အသင်းဘက်ကတော့ နည်းပြ ကို အပြည့်အဝ ထောက်ခံ ပေးထားပါတယ် ။ ရော်နယ်ဒို ဟာ လာမယ့် ဇန်နဝါရီ မှာ အသင်းကနေ ထွက်ခွာတော့မှာလို့လည်း သတင်းတွေ ထွက်နေပါတယ် ။

ခံစစ်မှုးဟောင်း ရီယိုဖာဒီနန်က ကတော့ ” ကျွန်တော့်အနေနဲ့ ရော်နယ်ဒို ရဲ့ အခြေအနေကို ကြည့်ရတာပိုပြီးပင်ပန်းလာပါတယ်။အသင်းအနေနဲ့ သူ့ကို ပွဲထွက်အသုံးပြုလိုခြင်းမရှိပဲ အရံခုံမှာသာ အသုံးပြုနေမယ်ဆိုရင် သူ့ရဲ့စာချုပ်ကို ဖျတ်သိမ်းလိုက်တာ ပိုကောင်းပါလိမ့်မယ်”လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

တန်ဟဂ် ရဲ့အသင်းက ရော်နယ်ဒို မပါဝင်တဲ့ ပွဲတွေမှာ ပိုမိုကောင်းမွန်တဲ့ ကစားဟန်၊ရလာဒ် ကို ရရှိနေပြီး ဒါဟာ တိုက်ဆိုင်မှု မဟုတ်ကြောင်း ပွဲဆက်ပြသထားတဲ့ခြေစွမ်းက သက်သေပြနေပါတယ်။ရော်နယ်ဒို က အသက် (၃၈)နှစ်ထဲ ဝင်ရောက်နေပြီး သူ့အနေနဲ့ ဇရာကြောင့်ခြေစွမ်းကျဆင်းနေတာကို နားလည်ဖို့ လိုအပ်ပြီး ယခင်လို ထင်တိုင်းကြဲနိုင်တဲ့ အခြေအနေမှာ မရှိနေတာကို နားလည်သဘောပေါက်ဖို့ လိုနေပြီး အကောင်းဆုံးနည်းလမ်းကတော့ နာကျင်မှုတွေထပ်မတိုးလာခင် ရီယိုပြောသလို လမ်းခွဲလိုက်တာက အကောင်းဆုံးအဖြေရှာနည်းသာ ဖြစ်ပါလိမ့်မယ်။