လောဒ့်တွေကိုယုံစားမိလို့ ဘုရင်မကြီးနာရေးမှာ မျက်နှာပန်းမလှခဲ့တဲ့ ယူနိုက်တဒ်(ပွဲပြီးသုံးသပ်ချက်)

Posted on

မန်ယူနိုက်တဒ် အသင်းရဲ့ လူစာရင်းဟာ အပြောင်းအလဲမလုပ်တော့ ပရိတ်သတ်တွေကငြိုငြင်ကြပြီး အပြောင်းလဲလုပ်လိုက်တော့ တန်ဟဂ် တစ်ယောက် ငါးပါးမှောက်သွားပါတော့တယ်။

မက်ဂွိုင်းယား၊လင်ဒီလောဖ့်၊ဖရဒ်၊အီလန်ဂါ တို့ ပါဝင်လာတဲ့ ယူနိုက်တဒ် မှာ ရော်နယ်ဒို က အထောင်မှာရှိနေခဲ့ပြီး အဲရခ်ဆင် နဲ့ ကတ်စမဲရိုး က ကွင်းလယ်ကစားတာကြောင့် pressing ကစားနိုင်စွမ်းလျော့ကျခဲ့သလို ပြီးခဲ့တဲ့ ပွဲတွေကလို ဘောလုံးလျှင်မြန်စွာပေးပို့နိုင်စွမ်းနဲ့ vertical pass တွေ လျော့ကျခဲ့ပါတယ်။အထူးသဖြင့် မက်ဂွိုင်းယား နဲ့ လင်ဒီလောဖ့် ရဲ့ အချိန်ကြန့်ကြာမှု၊line breaking pass မပေးနိုင်မှု အပြင် သူတို့နှစ်ဦးကြားမှာပဲ အပေးယူလုပ်နေတာက အသင်းကို ပိုပြီး လေး စေခဲ့ပါတယ်။

ဖရဒ် ရဲ့ ကွင်းလယ် မှာ နုံချာလွန်းတဲ့ ကစားဟန် က သူ့ရဲ့တွဲဖက် တော်မနေး ရဲ့ တိုးတက်မှု နဲ့ နှိုင်းယှဉ်ရင် အတော်ကို နိမ့်ကျသွားသလို ကတ်စမဲရိုး ကလည်း ချိန်သားကိုက်လှုပ်ရှားဖို့ အနည်းငယ် အသားကျဖို့လိုပါသေးတယ်။ အီလန်ဂါ က အတော့်ကို အခြေအနေဆိုးနေပြီး တိုက်စစ်လ်ုက်ပါနိုင်စွမ်း နဲ့ ထိုးဖောက်ဝင်ရောက်နိုင်မှုက ထင်တာထက် လျော့ကျနေလို့ ယူနိုက်တဒ် တိုက်စစ်ပိုင်းက အဆိပ်မရှိတဲ့မြွေ ဖြစ်ခဲ့ရပါတယ်။

အထူးသဖြင့် ဖြတ်တင်ဘောတွေအစား ကိုယ်တိုင်အတင်းဝင်တိုးတာ၊ကန်သွင်းယူလိုတာတွေကိုသာ ပြုလုပ်နေပြီး ယနေ့ပွဲထွက်ကစားသမားအများစုဟာ အသင်းလိုက်သွင်းဂိုးရရှိရေးထက် ကိုယ်တိုင်ဂိုးသွင်းယူနိုင်ရေးကိုသာ အားထားနေကြလို့လည်း ယခင်လို ညက်ညောတဲ့ ပုံစံကောင်းကိုမတွေ့ရတော့တာပဲဖြစ်ပါတယ်။

တန်ဟဂ် က ဒုတိယပိုင်းမှာ ဘရူနို နဲ့ မာတီနက်ဇ် ကို ပွဲဆက်များလို့ပွဲပန်းနေတဲ့ အဲရခ်ဆင် နဲ့ ဒါးလော့ အစားအသုံးပြုပြီးထည့်သွင်းလိုက်တာကလည်း နည်းဗျူဟာပိုင်းအရ အမှားယွင်းဖြစ်စေခဲ့ပါတယ်။ မက်ဂွိုင်းယား က ဗာရန်း နေရာမှာ ရှိပေမယ့် လုံလောက်တဲ့အကာကွယ်မပေးနိုင်တာကြောင့် အာဂျင်တိုင်းသားက lone wolf ဆန်ဆန် ဖျတ်ထုတ်နေရပြီး ပေးလိုက်ရတဲ့ ပယ်နယ်တီကလည်း နုံချာစုတ်ပြတ်တဲ့ ဒိုင်ရဲ့ အရည်ချင်းကင်းမဲ့မှုကနေ ပေးခဲ့ရတာပဲ ဖြစ်ပါတယ်။

တန်ဟဂ် အနေနဲ့ ယနေ့ပွဲအခြေအနေကို ကြည့်ပြီးနောက် ပထမအသင်းလူစာရင်းနဲ့ အရံအသင်းကြားမှာ ကြီးမားတဲ့ ကွာဟချက်ရှိနေတာကို သတိပြုမိဖို့လိုပြီး လာမယ့် ဆောင်းနဲ့နွေရာသီတွေမှာ အရံအင်အားကိုဖြည့်တင်းရန် လိုအပ်နေပြီပဲဖြစ်ပါတယ်။