လူအင်အားမလုံလောက်မှုကြောင့် တိုက်စစ်အတွက်စိုးရိမ်ဖွယ်ရာဖြစ်လာတဲ့ မန်ယူနိုက်တဒ်

Posted on

မန်ယူနိုက်တဒ်အသင်းရဲ့နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာ တိုက်စစ်ပိုင်းအပြောင်းလဲက တစ်နေရာ သာ ရှိခဲ့သလို ရှိရင်းစွဲ ကစားသမားတွေ ထဲမှာလည်း ယုံကြည်ရတဲ့ ခြေစွမ်းရှိသူက တစ်ယောက်သာ ရှိပါတယ်။ ပြီးခဲ့တဲ့နွေက ယူရိုသန်း(၁၀၀) နဲ့ ခေါ်ယူခဲ့တဲ့ အန်တိုနီ က လွဲရင် ယူနိုက်တဒ် တိုက်စစ်မှာ ပွဲတိုင်းတူညီခြေစွမ်းနဲ့ ကစားနိုင်မယ်လို့ ယုံကြည်ရသူက မရှိသလောက် ဖြစ်နေပြီး ရော်နယ်ဒို က စလို့ အီလန်ဂါ အထိ ကစားသမားတိုင်း တနေ့ရွှေ တနေ့ကြေး အဆင့်သာ ရှိပါတယ်။ လက်တလောမှာ ရော်နယ်ဒို က ပြသနာတွေ ကြောင့် ဘေးထွက်နေရသလို ပြန်လာနိုင်ဖို့လည်း ခက်ခဲနေပြီ ဖြစ်တာကြောင့် လာမယ့်ဇန်နဝါရီမှာ အသင်းကနေ ပြောင်းရွှေ့သွားနိုင်ချေများပြီး အဆိုပါအခြေအနေက တန်ဟဂ် ရဲ့ ယူနိုက်တဒ် တိုက်စစ်ကို ပိုဆိုးရွားတဲ့ အနေထားတစ်ခုစီ ခေါ်ဆောင်သွားနိုင်ပါတယ်။

တန်ဟဂ် အတွက် ရာသီကြိုမှာခြေစွမ်းပြခဲ့သလို ယခုရာသီအားထားရမယ့် တိုက်စစ်မှုး ဖြစ်လာလိမ့်မယ်လို့ ထင်ခဲ့တဲ့ မာစီရယ် က ဒဏ်ရာပြသနာတွေကြားရုန်းကန်နေရပြီး ရာသီထဲက လက်ရှိအထိ အနားယူရင်းနဲ့သာ အချိန်ကုန်နေသူလည်းဖြစ်ပါတယ်။ မာစီရယ် ရဲ့ ခြေသလုံးကြွက်သားဒဏ်ရာက ပြန်လည်သက်သာလာရင်တောင် လက်ရှိအနားယူထားရတဲ့ အခြေအနေအရ ရာသီတိုင်းမှာ ပွဲဆက်ကစားနိုင်ဖို့ စိန်ခေါ်မှု ဖြစ်လာပါလိမ့်မယ်။ မန်ယူနိုက်တဒ် ရဲ့ ကျောနံပတ်(၉) က တစ်ရာသီကို ပွဲ(၄၀)အထက် မကစားနိုင်တာက အသင်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။အသင်းရဲ့ ကျောနံပတ်(၁၀)ရရှ်ဖိုဒ့် က ဒဏ်ရာကင်းစင်ပြီး ပွဲဆက်ကစားနိုင်ပေမယ့် အဆုံးသတ်ညံဖျင်းလွန်းနေပြီး ကစားချင်သလို ကစားတတ်သူဖြစ်တာကြောင့် ပွဲဆက်အားကိုးဖို့ဆိုရင် ယုံကြည်ရလောက်တဲ့ ကစားသမား မဟုတ်တာတော့ သေချာပါတယ်။

ယူနိုက်တဒ် ရဲ့ အားကိုးတကြီး ခေါ်ယူခဲ့တဲ့ ဂျေဒန်ဆန်ချို ကလည်း တနေ့ငွေ တနေ့ကြေး ဖြစ်နေတာ ကြာပါပြီ။ တစ်ပွဲလောက် ခြေစွမ်းပျောက်သွားလိုက်၊နောက်ပွဲပြန်ကောင်းလိုက်၊နောက်တစ်ပွဲပြန်ကျသွားလိုက်တဲ့ သံသရာ လည်နေပြီး ဒီကစားသမားတွေဟာ ပွဲစဉ်ဆက်တိုက် သုံးရက်တစ်ပွဲကစားရမယ့် အနေထားမှာ လုံလောက်တဲ့ ကြံခိုင်မှု၊သက်လုံ၊ပြေးအားမရှိတာ ပိုမိုထင်ရှားလာပါတယ်။

လူငယ်ထဲမှာ အီလန်ဂါ နဲ့ ဂါနာချို အပြင် ဖာကွန်ဒို လည်း ရှိနေပေမယ့် အမှားခံလို့မရတဲ့ အခြေအနေမှာတော့ တန်ဟဂ် အနေနဲ့ အရဲစွန့်တာမျိူး မြင်တွေ့ရဖို့ခဲယဉ်းပါတယ်။သို့သော်လည်း မေဆင်ဂရင်းဝုဒ် အချုပ်ကျနေချိန် ရော်နယ်ဒိုလည်း ထွက်ခွာမယ်ဆိုရင် တိုက်စစ် ကစားသမားတစ်ယောက် မဖြစ်မနေ ခေါ်ယူရန်လိုအပ်ပြီး ဘုတ်အဖွဲ့ကသာငွေမချပေးရင် တန်ဟဂ် တစ်ယောက် အတော်လေးအကြပ်ရိုက်သွားနိုင်ချေ ရှိပါတယ်။