လာလီဂါ ရဲ့ ငွေကြယ်ပွင့်ထိပ်သီးကွင်းလယ်လူနှစ်ဦးကိုအရခေါ်ပြီး ပွဲကြမ်းမယ့် ယူနိုက်တဒ်

Posted on

မန်ယူနိုက်တဒ်အသင်းရဲ့ ယခုနွေရာသီ အဓိကပစ်မှတ်ထားခေါ်ယူလိုတဲ့ ကစားသမားတွေအနက် ကွင်းလယ်ကစားသမားနေရာက အဓိက နေရာကနေပါဝင်နေပါတယ်။တန်ဟဂ် က ကနဦးမှာ ဖရန်ကီဒီဂျောင် တစ်ဦးတည်းကိုသာ ခေါ်ယူရန် အာရုံစိုက်ခဲ့ပေမယ့် ပရီးမီးယားလိဂ် နှစ်ပွဲကစားပြီးနောက် မက်/ဖရဒ် ခြေစွမ်းကို သိရှိခဲ့တဲ့ နယ်သာလန်သားနည်းပြကြီး က ကွင်းလယ်အထိုင်ကိုဖြုတ်လဲရန်သာ အာရုံစိုက်လာပြီး နှစ်ယောက်တွဲကွင်းလယ်အသစ် ပြောင်းလဲဖို့ ကြံစည်နေပါတယ်။

လက်တလောသတင်းတွေ ထွက်ပေါ်နေမှုအရ ယူနိုက်တဒ် ဟာ ဘာစီလိုနာ ထံ ဒီဂျောင်အတွက် နောက်တစ်ကြိမ်ထပ်မံကမ်းလှမ်းရန် ပြင်ဆင်နေပြီး ရီးရဲလ်ကွင်းလယ်လူ ကတ်စမဲရိုး အတွက်ပါ စတင်ကြိုးပမ်းနေပြီလို့ သိရပါတယ်။

ဒီဂျောင် နဲ့ ဘာဆာ ကြား ကြွေးကျန်ပြသနာ ဖြေရှင်းမရတဲ့အတွက် အဆုံးသတ်မှာတော့ ယူနိုက်တဒ် ကပဲ အဆိုပါလစာအကြွေးကို သီးသန့်ဆုကြေးအဖြစ် ပေးချေကာ ခေါ်ယူတာမျိူး ပြုလုပ်ဖွယ်ရှိပါတယ်။ပထမတစ်ကြိမ်ကမ်းလှမ်းချက်က ရက်လွန်သွားပြီလို့ ယူနိုက်တဒ် ဖက်ကနားလည်ထားသလို ဒုတိယအကြိမ်ကမ်းလှမ်းမှုမှာတော့ ဒီဂျောင် အတွက်သာမက ဘာစီလိုနာ အတွက်လည်း အဆင်ပြေစေမယ့် ကမ်းလှမ်းချက်အသစ် ပါဝင်လာလိမ့်မယ်လို့ နယ်သာလန်ကလာတဲ့သတင်းတွေကဆိုပါတယ်။

ယူနိုက်တဒ် အနေနဲ့ ဒီဂျောင် ကို တစ်ပတ်လုပ်ခ ပေါင်(၃၅၀၀၀၀) အထိပေးချေရန် ဆန္ဒရှိသလို ဆုကြေးငွေတွေကိုလည်း များစွာပေးချေသွားမှာဖြစ်ပြီး ဘာစီလိုနာထံ ယူရို(၈၅)သန်းပေးချေသွားဖွယ်ရှိပါတယ်။

ကတ်စမဲရိုး အပြောင်းရွှေ့က အခုရက်ပိုင်းမှ ထွက်ပေါ်လာတဲ့သတင်းဖြစ်ပြီး ယူဗင်းတပ်စ် ကွင်းလယ်လူ ရာဘီယော့ ရဲ့ တစ်ပတ်လုပ်ခ ပေါင်(၂)သိန်းတောင်းဆိုမှုကြောင့် ပျက်ပြယ်ခဲ့ပြီးနောက် အသက်ဝင်လာတဲ့ အပြောင်းရွှေ့ပဲဖြစ်ပါတယ်။ဘရာဇီးလ်ကွင်းလယ်လူက အသင်းရဲ့ လူငယ်ကစားသမားတွေ ခေါ်ယူမှုကြောင့် နေရာပျောက်မှာကို စိုးရိမ်နေလို့ အန်စလော့တီ နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီး ပွဲထွက်ခွင့်အတွက် လုံလောက်တဲ့ အာမခံချက်မျိုးမရရင် အသင်းကနေထွက်ခွာဖွယ်ရှိပါတယ်။

ရီးရဲလ် အနေနဲ့ အသက်(၃၀)အရွယ် ကွင်းလယ်လူ အတွက် ယူရိုသန်း(၈၀)ဝန်းကျင်အလိုရှိနေပြီး ယူနိုက်တဒ် ကလည်း ကစားသမားဖက်က မီးစိမ်းပြခဲ့ရင် ပေးချေဖို့အသင့်ရှိတယ်လို့သိရပါတယ်။