နိုင်ပွဲဆက်မှ ရမယ့် အဲရခ်တန်ဟဂ်နဲ့ မဖြစ်မနေ သုံးမှတ်ရှာဖွေဖို့ လိုအပ်နေတဲ့ ဘရန်ဒန်ရော်ဂျာ

Posted on

မန်ယူနိုက်တဒ်အသင်းရဲ့ နှစ်ပွဲဆက်နိုင်ပွဲဆက်မှု ဟာ အသင်းကို ကောင်းမွန်တဲ့ ဝန်းကျင်တစ်ခုထံပို့ဆောင်နိုင်ခဲ့သလို တဖက်မှာလည်း ဂလေဇာအပါဝင် အသင်းရဲ့ အလုံးစုံသော ဝန်ထမ်းတွေအတွက် ဖိအားအတော်တန်လျော့ကျစေခဲ့ပါတယ်။ လီဗာပူးလ် နဲ့ ကစားရကြပ်တဲ့ ဆောက်တပ်တန်ကို နိုင်ခဲ့တာဖြစ်လို့ တန်ဟဂ် အတွက်မျက်နှာပန်းလှပေမယ့် ရာသီအစ (၂)ပွဲဆက်ရှုံးထားတဲ့အခြေအနေအရတော့ ယနေ့ညမှာကစားမယ့် လက်စတာနဲ့ ပွဲမှာလည်း ယူနိုက်တဒ် အနေနဲ့ မဖြစ်မနေနိုင်ပွဲရဖို့တော့လိုအပ်ပါသေးတယ်။

အထူးသဖြင့် လက်စတာ ဟာ လက်ရှိပရီးမီးယားလိဂ်မှာ (၄)ပွဲကစား နိုင်ပွဲမရှိ (၁)ပွဲသာသရေကျပြီး ရမှတ် (၁)မှတ်သာ ရရှိထားတာကြောင့်လည်း ရှုံးနိမ့်ခဲ့ရင် ပိုပြီးကြီးမားတဲ့ အရှက်ကွဲမှုကို ကြုံတွေ့မှာဖြစ်ပါတယ်။

ယူနိုက်တဒ်ရဲ့ ယနေ့လူစာရင်းမှာ ကစားသမားသစ်တွေဖြစ်တဲ့ အန်တိုနဲ့ ဂိုးသမား ဒူဘက်ကာ တို့ကို မမြင်တွေ့နိုင်ပေမယ့် ပြီးခဲ့တဲ့ တပတ်က အသင်းကိုရောက်ရှိနေတဲ့ ကတ်စမဲရိုး ကတော့ လူစာရင်းမှာ ပါဝင်လာခြေရှိပါတယ်။ဒဟေးယား က နံပတ်တစ်နေရာကနေပဲဆက်ပြီး ပါဝင်နိုင်ပေမယ့် ဗဟိုခံစစ်မှာတော့ မက်ဂွိုင်းယား ကို ပြန်လည်မြင်တွေ့ရမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

နှစ်ပွဲဆက်အရံခုံထိုင်ခိုင်းထားတဲ့ မက်ဂွိုင်းယား နဲ့ ရှော ကို ဆက်ပြီးအရံခုံထိုင်ခိုင်းတာက ဖိအားတိုးနိုင်သလို လာမယ့် တနင်္ဂနွေနေ့မှာ အာဆင်နယ် နဲ့ ကစားရမှာဖြစ်လို့ လက်တလောပုံစံကောင်းရနေတဲ့ ကစားသမားတွေကိုအနားပေးတာက မှားယွင်းတဲ့ဆုံးဖြတ်ချက်မဟုတ်တာတော့သေချာပါတယ်။ကွင်းလယ်မှာ ကတ်စမဲရိုး ပါဝင်လာနိုင်ပြီး ဘရူနို နဲ့ အဲရခ်ဆင် အတွဲဖက်ကိုမြင်ရနိုင်ပြီး တိုက်စစ်မှာတော့ အပြောင်းရွှေ့နဲ့ပက်သက်လို့ အာရုံမနောက်ရတော့တဲ့ ရော်နယ်ဒို ကို ဆန်ချို/ရရှ်ဖိုဒ့် နဲ့ ခြံရံပြီးပွဲထွက်လာနိုင်ပါတယ်။

လက်စတာ နဲ့ ယခုရာသီမှာ ကစားသမားများစွာရောင်းချထားခြင်းမရှိပေမယ့် ရလာဒ်ပိုင်းအရတော့ အတော်လေးဆိုးရွားနေပါတယ်။ရာသီအဖွင့်ပွဲမှာ ဘရန်းဖိုဒ့်ကို သရေကျခဲ့တာလွဲရင် သုံးပွဲဆက်အရေးနိမ့်ထားပြီး ယနေ့ညမှာတော့ ကင်းပါဝါ ကွင်းကြီးမှာ သူတို့ရဲ့ ကျဆုံးနေတဲ့ ဂုဏ်သိက္ခာကိုပြန်အဖတ်ဆယ်ဖို့ ကြိုးစားလာပါလိမ့်မယ်။

ပြီးခဲ့တဲ့ရာသီကလည်း (၄-ဝ) နဲ့ အနိုင်ယူခဲ့ဖူးတာကြောင့် စိတ်ပိုင်းဆိုင်ရာ တက်ကြွနေနိုင်သလို ယူနိုက်တဒ်ဟာ အခုလို ပွဲဆက်ရှုံးတဲ့အသင်းမျိုးကို အနိုင်ရလေ့မရှိတဲ့ အစဉ်လာလည်းရှိတာကြောင့် အဝေးကွင်းဆို အဆင်မချောလှတဲ့ အနေထားတွေပေါင်းစပ်ကြည့်ရင် မြေခွေးသိုက်ထဲကနေ သုံးမှတ်ရယူဖို့ဆိုတာ နတ်ဆိုးအတွက် ခက်ခဲတဲ့ တိုက်ပွဲဖြစ်လာမှာအသေချာပါပဲ။