ဆာလာ ကို အိတ်ထဲထည့်ခဲ့တဲ့ မလာစီယာအပါဝင် အမှတ်ပြည့်ရခဲ့ကြတဲ့ ယူနိုက်တဒ် ကစားသမားများ

Posted on

မန်ယူနိုက်တဒ် အသင်းရဲ့ လီဗာပူးလ် နဲ့ ပွဲဟာ အတော်လေး အားသာချက်တွေများပြားခဲ့ပြီး ကလောပ့် အနေနဲ့ ပွဲ စ-ဆုံး ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရတဲ့အထိ စိုးမိုချယ်လှယ်နိုင်ခဲ့ပါတယ်။တန်ဟဂ် ရဲ့ Counter Pressing က အလုပ်ဖြစ်ခဲ့သလို ကစားသမားတွေ ရဲ့ မဆုတ်မနစ်ကြိုးစားမှု၊ဘရူနို ဗာရန်း တို့ရဲ့ ဦးဆောင်မှုပြည့်ဝမှု အပြင် ပရိတ်သတ်တွေနဲအတူ အဆုံးစွန်ထိ သွားကြည့်ဖို့ ဆုံးဖြတ်ထားတဲ့ နတ်ဆိုးနဲ့ရောင်းရင်းများဟာ ပရီးမီးယားလိဂ် ရဲ့ ပွဲဦးထွက်နိုင်ပွဲကို အိုးထရဒ့်ဖိုဒ့် မှာအလှပဆုံး ဖွင့်လှစ်နိုင်ခဲ့ကြပါတယ်။ ဒီနိုင်ပွဲမှာ ကစားသမား တစ်ယောက်တလေကိုတောင် အပြစ်ဆိုဖွယ်ရာ မတွေ့ခဲ့ပဲ အားလုံးဟာ တာဝန်ကျေတယ်ဆိုတာထက်ပိုခဲ့ပြီး ရင်ဘတ်ကြီးနဲ့ ကစားခဲ့မှန်း သိသာစေခဲ့တာပဲ ဖြစ်ပါတယ်။

ဒဟေးယား (၈)

ရှေ့နှစ်ပွဲမှာ အသေအကြေ ဝေဖန်ခံခဲ့ရတဲ့ ဒဟေးယား တစ်ယောက် ဒီနေ့ပွဲမှာတော့ ရှေ့တက်ဆွဲတာ၊ရှင်းတာ တွေ ပြုလုပ်ခဲ့သလို အပိုင်အခွင့်အရေး (၅)ကြိမ်ထက်မနည်းကို ကာကွယ်တားဆီးခဲ့ပါသေးတယ်။မာတီနက်ဇ် ရဲ့ OG ဖြစ်နိုင်တဲ့ အမှား၊ဆာလာ ရဲ့ကန်ချက် ဒဟေးယားဟာ သူ့နေရာမှန်ကို ပြန်ပြီးရောက်ရှိလာခဲ့ပါတယ်။

ဒါးလော့ (၇)

ဒီယက်ဇ် ရဲ့ မှော်ဆန်ခြင်းတွေ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့တာ ပေါ်တူဂီသား ရဲ့ အိပ်ကပ်ထဲမှာဆိုတာ ပွဲပြီးမှပဲ သိခဲ့ရပါတယ်။ ပွဲအစထဲက ခပ်ကြမ်းကြမ်းဝင်တိုးပြီး တိုက်စစ်-ခံစစ် ချိန်သားကိုက် လှုပ်ရှားနိုင်ခဲ့သလို inverted full back အဖြစ် ကစားနိုင်ခဲ့လို့ နည်းဗျူဟာပိုင်းအရပါအသာစီး ရယူနိုင်ခဲ့ပါတယ်။

ဗာရန်း (၈)

ချန်ပီယံလိဂ်လေးလုံး နဲ့ ကမ္ဘာ့ဖလား ချန်ပီယံ ဆိုတဲ့ ဘွဲ့ရဲ့အရှေ့က သူ့ရဲ့ နာမည်ဟာ ပရီးမီးယားလိဂ် မှာ ဟာသ တစ်ခုလိုဖြစ်နေတာပါ။ ဘန်ဝှိုက်လို မနေ့တနေ့ကမှ ထိပ်တန်းအဆင့်မှာ ဘောလုံးထိဖူးတဲ့ကစားသမားမျိုးနဲ့ နှိုင်းယှဉ်ခံခဲ့ရတဲ့ နောက် ဒီနေ့တော့ ဗာရန်းဟာ သူ့ရဲ့ နာမည် အတွက် အမည်ပျက်ကို ကိုယ်တိုင်ပဲ ရှင်းလင်းနိုင်ခဲ့ပါတယ်။

မာတီနက်ဇ် (၉)

အရပ်ပုတယ်၊ခေါင်းမတိုက်နိုင်ဘူး ဆိုတဲ့ တရားလွန် ဝေဖန်မှုတွေကို ဆာလာ ရဲ့ အပေါ်က ကျော်တက်လာတဲ့ အချိန်တိုင်း အာဂျင်တိုင်းက ဖြေရှင်းပြီး ဘယ်သူမှားလည်းသက်သေပြခဲ့ပါတယ်။ကြမ်းတယ်၊မြန်တယ် ပြီးတော့ သွေးအေးတယ် နောက်တန်းမှာတင် pressing ကြားကနေ ဘောလုံးအပေးယူလုပ်သွားတာ high pressing king ဆိုတဲ့ လီဗာပူးလ် ကစားသမားတွေ ရူးသွပ်စေခဲ့တာအမှန်ပါပဲ။

မလာစီယာ (၉)

လုခ်ရှော အတွက် အိမ်မက်ဆိုးတွေသယ်ဆောင်လာသူ၊ယူနိုက်တဒ် ပရိတ်သတ်တွေ အတွက်တော့ အီဗရာအလွန် အကောင်းဆုံးမျှော်လင့်ချက် ပြီးတော့ ဆာလာ အတွက်တော့ အရှင်သခင်အသစ်

တော်မနေး ( ၆)

သူကစားတာမဆိုးသလို ကောင်းလွန်းနေပါတယ်လို့ပြောလို့လည်းမရ ဒါပေမယ့် သူ့အခြေအျနနဲ့ သူ့မူဘောင်အတွင်းမှာတော့ တော်မနေး ရဲ့ ခြေစွမ်းကို လက်ခံလို့ရပါတယ်။အထူးသဖြင့် လာမယ့်ပွဲတွေမှာ ကတ်စမဲရိုး နေရာယူမှာ ဖြစ်လို့ ပြသနာတော့ မရှိပါဘူး။

ဘရူနိုဖာနန်ဒက်စ် ( ၆)

ကပ္ပတိန်ပီသခဲ့သလို အသင်းကို ဦးဆောင်မှုပေးပြီး ထိန်းကျောင်းခဲ့နိုင်ပေမယ့် သူ့ရဲ့ခြေစွမ်းအပေါ် မေးခွန်းထုတ်စရာတွေရှိနေပါသေးတယ်။Pressing ခံရရင် ပြာသွားတတ်သလို လူပေးမှားမှုတချို့ကိုလည်းပြင်ဖို့လိုပြီး ပိုကောင်းတဲ့ ကွင်းလယ်လူ မရောက်လာခင် အလျှင်အမြန်ပြင်နိုင်ဖို့တော့ လိုပါလိမ့်မယ်။

အဲရခ်ဆင် (၈)

ပထမဆုံးပြောရမှာက ဒိန်းမတ်သားကြီးကို လီဗာပူးလ် လို အသင်းနဲ့ ပွဲမှာ ယခုလောက် ကစားနိုင်မယ်လို့ မမျှော်လင့်ခဲ့ရိုးအမှန်ပါ၊တန်ဟဂ် အနေနဲ့လည်း Iron Man ကြီးကို နောက်ပွဲတွေ ခပ်စောစောအနားပေးဖို့တော့ မျှော်လင့်မိပါတယ်။

မားကပ်စ်ရရှ်ဖိုဒ့် ( ၈)

ပထမပိုင်းမှာ အထောင်ကစားနေရလို့ ရရှ်ဖိုဒ့် အတွက် အခွင့်မသာပေမယ့် ဒုပိုင်း တောင်ပံရောက်သွားချိန်မှာတော့ အာနိုးလ် အတွက် ထုံးစံအတိုင်း အိမ်မက်ဆိုးတွေသယ်ဆောင်လာပြန်ပါတယ်။ လီဗာပူးလ်လူသုံးယောက်ကြားကနေ လိမ်ခေါက်ကျော်ဖြတ်သွားတဲ့ သူ့ရဲ့ကန်ချက်သာ ဂိုးဝင်ခဲ့ရင် GOTS က သူ့အတွက်ဖြစ်သွားနိုင်ပါတယ်။

အန်သိုနီမာစီရယ် ၈ (လူစားဝင်သူ)

မာစီရယ် ဝင်လာတဲ့နောက်ပိုင်း ယူနိုက်တဒ် တိုက်စစ်ကပိုမိုကျစ်လစ်လာပြီး အပေးအယူ တွေလည်း ခပ်စိတ်စိတ်ပြုလုပ်လာနိုင်ပါတယ်။မာစီရယ် ရဲ့ နောက်ဆင်းယူပြီး တိုက်စစ်ကိုပြန်ချိတ်နိုင်တဲ့ ပုံစံက လက်ရှိယူနိုက်တဒ်မှာ သူတစ်ယောက်သာ ပြုလုပ်နိုင်တာဖြစ်လို့ မာစီရယ် ဒဏ်ရာမရစေဖို့ ဆုတောင်းရပါတော့မယ်။

ဂျေဒန်ဆန်ချို (၈)

အင်္ဂလန်သားကို ပြီးဆုံးသွားပြီလို့ လှောင်ရယ်သံတွေ တိတ်စေခဲ့တဲ့နေ့ပါပဲ။မီလ်နာ ကို အိမ်ပြန်စေခဲ့သူ၊ဗန်ဒိုက်ကို အထူးတန်းကနေ ကြည့်ခွင့်ပေးခဲ့သူ ပြီးတော့ သွေးအေးတည်ငြိမ်လွန်းတဲ့ ကန်ချက်ရောပါပဲ၊ ဂျေဒန်ဆန်ချို ရဲ့ လှပခြင်းတွေကို ကျွန်တော်တို့ တောက်လျှောက် မြင်တွေ့ရပါတော့မယ်။