ကိုတုတ်ကြီးကြောင့် ယူရိုပါလိဂ်မှာ အသက်ရှူချောင်ခဲ့တဲ့ မန်ယူနိုက်တက်(ပွဲပြီးသုံးသပ်ချက်)

Posted on

အဲရခ်တန်ဟဂ် က ပွဲထွက်အခင်းအကျင်းကို အပြောင်းလဲ ခပ်များများပြုလုပ်ခဲ့ပြီး ဖရဒ် ကို ပွဲအတော်ကြာမှ ပထမဆုံးအနေနဲ့ ပွဲထုတ်ခဲ့ပြီး ကတ်စမဲရိုး နဲ့ တွဲကာ ဘရာဇီးလ် အတွဲဖက်အဖြစ် အသုံးပြုခဲ့ပါတယ်။ ခံစစ်တန်းမှာ ဒါးလော့ က ဆက်လက်ပွဲထွက်လာပြီး ဗာရန်း ကို အနားပေးထားကာ လင်ဒီလောဖ့်၊မာတီနက်ဇ် နဲ့အတူ မလာစီယာ ကို ပွဲထုတ်ခဲ့ပါတယ်။ ဘရူနို က ကပ္ပတိန်အဖြစ် ပွဲထွက်လာပြီး အန်တိုနီ၊ရော်နယ်ဒို၊ရရှ်ဖိုဒ့် အတွဲဖက် နဲ့ Omonia အသင်းကို ထိုးနှက်ဖို့ ပြင်ဆင်ခဲ့ပေမယ့် လက်တွေ့မှာတော့ အခက်ခဲတွေကြားမှာပဲ ရုန်းကန်ခဲ့ရပါတယ်။

ပွဲအစပိုင်းမှာထဲက ယူနိုက်တဒ် က တရစပ်ဖိအားပေးတိုက်စစ်ဆင်နေပေမယ့် Omonia အသင်းကလည်း ခံစစ်ကို လုံတာထက်ပိုမိုကျစ်လစ်အောင် ကစားခဲ့ပြီး ဧရိယာထဲကတောင် မထွက်တဲ့ ဘက်စ်ကွက် ကြောင့် ပွဲကထင်တာထက်ပိုပြီး တဖက်သတ်ဆန်ခဲ့ရပါတယ်။ တန်ဟဂ် က ၂-၃-၅ ပုံစံအထိ ခင်းကျင်းကာ ဒါးလော့/မလာစီယာ တစ်ယောက်ကို inverted full back အဖြစ် အလှည့်ကျကစားစေကာ ကတ်စမဲရိုး+ဖရဒ် ကွင်းလယ်အတွဲကို ကြားကန်ထားစေခဲ့ပါတယ်။ ဘရူနို ကို free roaming ဆန်ဆန်ကစားစေခဲ့ပြီး အန်တိုနီ နဲ့ ရရှ်ဖိုဒ့် ကို တောင်ပံအစွန်ဆုံးအထိ ချဲ့ထုတ်ခဲ့ကာ ရော်နယ်ဒို နဲ့ တွဲဖက်စေပြီး တိုက်စစ်ဆင်ချိန်အများစုမှာတော့ မလာစီယာ ကို ကွင်းလယ်ခံစစ်မှာမြင်တွေ့ရတာ များပြီး ဒါးလော့က wings back အဖြစ်ကစားတာကို မြင်တွေ့ခဲ့ရပါတယ်။

ပထမပိုင်းမှာတင် ကန်သွင်းချက် (၁၄-၁) ရှိခဲ့သလို ဒုတိယပိုင်းအပါဝင် (၂၈-၁) ကြိမ်အထိရှိခဲ့ပေမယ့် ယူနိုက်တဒ်အတွက် ဂိုးရဖို့ခက်ခဲနေခဲ့ပါတယ်။အထူးသဖြင့် ဘရူနို ရဲ့ လက်လွတ်စပယ် ဆန်တဲ့ ပေးပို့မှု/ကန်ချက်၊ရရှ်ဖိုဒ့် ရဲ့ ဖြုန်းတီးမှု၊ဖရဒ် ရဲ့ အပိုင်ခေါင်းတိုက်ချက်လွဲချော်ခြင်း ပြီးတော့ ရော်နယ်ဒို ရဲ့ ကျဆုံးနေခြင်းတွေက ဒီနေ့ပွဲမှာ ဂိုးတစ်ဂိုးရဖို့ခက်ခဲနေခဲ့ခြင်းတွေ ဖြစ်လာပါတယ်။

တန်ဟဂ် အနေနဲ့ သူ့အသင်းကို ပိုမိုကျစ်လစ်ပြီး တိကျတဲ့ကစားခွင်တစ်ခုထဲ အကွက်ကျ ပုံဖော်လာနိုင်ပေမယ့် အဆုံးသတ်ပိုင်းအားနည်းချက်တွေတော့ မပြင်ဆင်နိုင်သေးသလို မိုးထဲရေထဲဆို ဂိုးပေါက်ပျောက်တတ်တဲ့ ကစားသမားအများစုရှိနေသေးတာကလည်း အသင်းအတွက် လိုအပ်ချိန်မှာ ကူကယ်ရာမဲ့ ဘဝကို ရောက်ရှိစေပါတယ်။ ပွဲချိန်မိနစ်(၉၀)ပြည့်ပြီးနာကျင်အချိန်ပိုမှသာ လူစားဝင်လာတဲ့ ဆန်ချို ရဲ့ပေးပို့မှုကို တော်မနေး က အပိုင်ပိတ်သွင်းနိုင်ခဲ့လို့သာ သက်သာခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ နိုင်ပွဲတွေလို ချင်ရင် ယခုထက်ပိုပြီး ဂရုစိုက်ဖို့ လိုပါလိမ့်မယ်။