မန်ချက်စတာဒါဘီပွဲအတွက် ပရိသတ်တွေအလိုချင်ဆုံး ကတိကို ပေးလိုက်တဲ့ ခံစစ်မှုးဗာရန်း

Posted on

မန်ချက်စတာဒါဘီပွဲအတွက် ပရိသတ်တွေအလိုချင်ဆုံး ကတိကို ပေးလိုက်တဲ့ ခံစစ်မှုးဗာရန်း

မန်ယူပရိသတ်ကြီး ပျော်ရွှင်စေဖို့အတွက် အာဆင်နယ် ၊လီဗာပူးလ်တို့နဲ့ရင်ဆိုင်ခဲ့တဲ့ပွဲတွေနည်းတူ မန်ချက်စတာ ဒါဘီပွဲစဉ်ကိုလည်း အနိုင်ကစားရမည်ဖြစ်ကြောင်း ပြင်သစ် ခံစစ်မှူးဗာရန်းက ကတိပေးစကား ပြောဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာပွဲစဉ်များကစားနေစဉ်အတွင်းတွင် ကလပ်ပွဲတွေ ငတ်မွတ်နေတဲ့ ဘောလုံး ပရိသတ်တွေအဖို့ ပွဲကြီးပွဲကောင်းတွေက စောင့်ကြိုနေပြီး အဲဒီအထိမှာ မန်ချက်စတာဒါဘီပွဲစဉ်က ထိပ်ဆုံးက ပါဝင်နေတာလည်း ဖြစ်ပါတယ်။ ပရိသတ်များ အသည်းအသန်အားပေးတဲ့ ဒါဘီပွဲစဉ်ကဲ့သို့ပွဲကြီးပွဲကောင်းမျိုးကို အနိုင်ကစားနိုင်ရန် လိုအပ်တယ်လို့ ဗာရန်းက ပြင်သစ်မီဒီယာတစ်ခုနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

“ဒါဘီပွဲစဉ်ရဲ့ပြိုင်ဆိုင်မှုက ပရိသတ်ဆီကနေလာတာပါ။ ဒါက အရေးကြီးတဲ့ပွဲစဉ်ဖြစ်သလို သူတို့ရဲ့ ပြိုင်ဆိုင်လိုစိတ်ကိုလည်း ကျွန်တော်တို့က လေးစားဖို့လိုအပ်ပါတယ်။ ပရိသတ်ကိုပျော်ရွှင်စေချင်ပါတယ်။ ဒါကြောင့်အပြင်းအထန်ကြိုးစားပြီး မန်စီးတီး လီဗာပူးစတဲ့အသင်းတွေနဲ့ ပွဲတွေမှာအနိုင်ကစားနိုင်ဖို့အရေးကြီးပါတယ်။ ပရိသတ်က ဘာလိုချင်လည်း ဘာတွေလုပ်ပြရမလဲသိထားဖို့လိုပါတယ်။ ဒါကအရေးအကြီးဆုံးအချက်ပါ”ဟု ဗာရန်းက ပြောဆိုလိုက်ပါတယ်။

တန်းဟက်ရဲ့ မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပထမဆုံးပွဲစဉ် ၂ ပွဲတွင် ဘရန့်ဖို့နှင့်ဘရိုက်တန်တို့ကို ရှုံးနိမ့်ခဲ့ပေမယ့် နောက်ပိုင်းကစားသော လေးပွဲတွင် လီဗာပူးနှင့် အာဆင်နယ်အပါအဝင် လေးပွဲစလုံးကို အနိုင်ရရှိထားခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ နည်းပြသစ်တန်းဟတ်အတွက် မန်ချက်စတာဒါဘီပွဲစဉ်က နောက်ထပ် စမ်းသပ်မှု တခုအဖြစ်စောင့်ကြိုလျက် ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်စလုံးမှာ မန်စီးတီးအသင်းကပဲ အနိုင်ရလဒ် ရယူနိုင်ခဲ့တာပါ။ပြီးခဲ့တဲ့ရာသီက ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ဗာရန်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာ ကင်းစင်နေပြီး လီဆန်ဒရိုမာတီးနတ်စ်နဲ့ ဗဟိုခံစစ်မှာ အတွဲညီစွာ ကစားနေခဲ့တာလည်း ဖြစ်ပါတယ်။ သူတို့ ၂ ဦးအတွဲအဖက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲနဲ့ ယူရိုပါလိဂ် ၁ ပွဲမှာ ပေးဂိုး ၂ ဂိုးသာ ခွင့်ပြုထားခဲ့ရတာပါ။