ကလောပ့် နဲ့ ဂွာဒီယိုလာ လို မရက်စက်တတ်လို့ နောက်ကျောဓားထိုးခံလိုက်ရတဲ့ အဲရခ်တန်ဟဂ်

Posted on

အဲရခ်တန်ဟဂ် ရဲ့ ယူနိုက်တဒ် နည်းပြဘဝ ပထမဆုံးနေ့ကို ခပ်ကြမ်းကြမ်းကိုင်တွယ်စေလိုတဲ့ ပရိတ်သတ်တွေ ဒုနဲ့ဒေး ရှိခဲ့ပေမယ့် လက်တွေ့မှာတော့ တန်ဟဂ် က ဒီပလိုမေစီအရ အသင်းကို ဟန်မပျက် ထိန်းသိမ်းသွားခဲ့ပါတယ်။

တန်ဟဂ် မရောက်ခင်ထဲက ပျက်ခြင်တိုင်း ပျက်နေတဲ့အသင်းဖြစ်လို့ အရာရာကို အစကနေ ပြန်စဖို့ မျှော်လင့်ခဲ့တဲ့ ပရိတ်သတ်တွေ အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပေမယ့် တစ်ဦးတည်းသောကျန်တဲ့ မျှော်လင့်ချက် ဖြစ်လို့ အားကိုးတကြီး စောင့်မျှော်ခဲ့ပေမယ့် လက်တွေ့မှာတော့ တန်ဟဂ်ဟာလည်း ရှေ့ကနောင်တော်ကြီးတွေလိုပဲ နောက်ကျောဓားထိုးခံရပြီး အာဏာလွန်ဆွဲမှု စက်ဝန်းထဲ ကျရောက်သွားခဲ့ရပြီပဲ ဖြစ်ပါတယ်။

ဟယ်ရီမက်ဂွိုင်းယား ကို အသင်းခေါင်းဆောင် ရာထူးသာမက ပွဲထွက်ခွင့်အာမခံချက်ပါ ပေးခဲ့တာ၊ဒဟေးယား က နံပတ်တစ်အဖြစ် ဆက်ရှိနေပြီး အိုင်းယက်စ်မှာသူရှိခဲ့စဉ်က ခေါ်ယူလိုခဲ့ဖူးတဲ့ ဟန်ဒါဆင် ကို လက်လွှတ်ခဲ့တဲ့ နှစ်ချက်ထဲနဲ့တင် တန်ဟဂ် တစ်ယောက်နတ်ဆိုးရဲ့ သားရဲတွင်းမှာ အစိမ်းလိုက်ဝါးစားခံရမယ်ဆိုတာ ကြိုသိခဲ့ကြသူတွေ ရှိပါတယ်။တန်ဟဂ် အနေနဲ့ ယူနိုက်တဒ် ကို ပြန်ပြီးတည့်မတ်ဖို့ဆိုရင် မန်စီးတီး ကို ဂွာဒီယိုလာ စတင်ကိုင်တွယ်စဉ် က အနေထားမျိုးအတိုင်း ခပ်ကြမ်းကြမ်း ကိုင်တွယ်ဖို့လိုအပ်နေပါတယ်။

စပိန်သားကြီးဟာ အသင်းကို စရောက်ရောက်ခြင်းမှာပဲ သူ့ရဲ့နည်းစနစ်နဲ့ မကိုက်ညီတဲ့ ပရိတ်သတ်အချစ်တော် အသင်းဂန္နဝင် ဂိုးသမား ဂျိုးဟတ် ကို ကန်ထုတ်ခဲ့သလို ယာယာတိုရေး အပါဝင် အဓိက ကစားသမား အများအပြားကို နှစ်ရာသီထဲနဲ့ ရှင်းထုတ်နိုင်ခဲ့သလို သူ့ရဲ့နည်းစနစ်နဲ့ အံဝင်မယ့် သူတွေကို ချက်ချင်းပဲ ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။

လီဗာပူးလ် ရဲ့ကလောပ့် ကလည်း အသင်းကို သူ့လက်သူခြေဖြစ်စေဖို့ မြေလှန်ခဲ့ပေမယ့် ဂွာဒီယိုလာ လောက် ဘက်ဂျက်မတောင့်လို့ အနည်းငယ် နှောင့်နှေးခဲ့ရတာသာ ရှိပေမယ့် သူလည်းပဲ စိတ်ကြိုက်လူစာရင်းကို ဖန်တီးယူခဲ့ရတာပါပဲ။အသင်းတစ်သင်းအောင်မြင်ဖို့ရာအတွက် နည်းပြ ရဲ့ နည်းဗျူဟာချမှတ်မှုက အရေးပါပြီး မဟာဗျူဟာကို ပုံဖော်မယ့် အံဝင်တဲ့ နည်းစနစ်မြင့်ကစားသမားတွေကို ခေါ်ယူပေးရမှာက ဘုတ်အဖွဲ့/အားကစားဒါရိုက်တာ ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။

မန်ယူနိုက်တဒ် မှာတော့ နည်းပြ ရဲ့ မဟာဗျူဟာ/နည်းဗျူဟာ က ရှင်းလင်းပြတ်သားစွာမြင်နေရပေမယ့် ဒီဗျူဟာကို လိုက်နိုင်ဖို့ နည်းစနစ်မြင့်မားတဲ့ ကစားသမားတွေ လိုနေပါတယ်။ခွေးကြီးမှ လက်ပေးသင်လို့မရသလို (၅)ကိုက်ကို လူပေးမဖြောင့်တဲ့ တော်မနေး လို လူဟာ ယူနိုက်တဒ် ရဲ့ နံပတ်(၆)အဖြစ်တာဝန်ယူနေတာဟာ ဒီအသင်းရဲ့ကျဆုံးခန်းကို မီးမောင်းထိုးပြနေတာပါပဲ။တဆက်ထဲမှာပဲ တန်ဟဂ် အနေနဲ့လည်း တချို့သော အနာဖေး တွေကို ရှင်းလင်းပစ်ရန်လိုနေပြီး ဆေးထည့်ရုံ နဲ့ အပေါ်ယံကုနေရင် ထုံးစံအတိုင်း အဆုံးသတ်မှာ လမ်းခွဲကိုပဲ ခပ်မြန်မြန် ရောက်သွားနိုင်ပါတယ်။