ရော်နယ်ဒို ကို အရံခုံတင်တာနဲ့ ပက်သက်လို့ သဘောထားကွဲလွဲခဲ့ကြတဲ့ တန်ဟဂ် နဲ့ ရွိုင်ကိန်း

Posted on

မန်စီးတီး ကို (၆-၃) နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပွဲမှာ အဲရခ်တန်ဟဂ် တစ်ယောက် ရော်နယ်ဒို ကို မိနစ်(၉၀)လုံးအရံခုံမှာ တင်ထားခဲ့ပါတယ်။ဒါဟာ ကစားသမားဘဝ ဆယ်စုနှစ်နှစ်ခုအတွင်း ပထမဆုံး ကွင်းထဲရှိနေလျက် အရံခုံမှာ ဖင်ပူခဲ့တဲ့အဖြစ် ဖြစ်ခဲ့ပေမယ့် နယ်သာလန်သားကြီးကတော့ ရော်နယ်ဒို ရဲ့ ပုံရိပ်နဲ့အောင်မြင်မှုအရ ဒီပွဲလို ဂိုးပြတ်ရှုံးနိမ့်တဲ့ အချိန်မှာ ဂုဏ်သိက္ခာပိုင်း ကို ငဲ့ကွပ်ပြီး အသုံးမပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။တန်ဟဂ် အနေနဲ့ ရော်နယ်ဒို ကို ဒုတိယပိုင်းမှာထည့်သွင်းလိုပေမယ့် (၄)ဂိုးပြတ်ရှုံးနိမ့်နေသလို တိုက်စစ်ပိုင်းမှာ ပိုမိုလျှင်မြန်တဲ့ ကစားသမားတွေလိုအပ်တာကြောင့် မာစီရယ် ကို ထည့်သွင်းခဲ့ပြီး နောက် ချေပဂိုးတချို့ ပြန်လည်ရရှိခဲ့ပါတယ်။

တန်ဟဂ် က “ကျွန်တော့်အနေနဲ့ သူ့(ရော်နယ်ဒို)ရဲ့ ကြီးမားတဲ့ဂုဏ်သိက္ခာကို လေးစားသမှု ရှိသောအားဖြင့် အသုံးမပြုခဲ့တာပါ” လို့ ပွဲအပြီးမှာဆိုပါတယ်။ ဆက်လက်ပြီး တန်ဟဂ်က “ကျွန်တော့်အနေနဲ့ မာစီရယ် ကိုတော့ သူ့အတွက် ကစားချိန်တွေလိုအပ်နေတာကြောင့် ထည့်သွင်းခဲ့တာပါ။မာစီရယ်ကို ထည့်သွင်းတဲ့ ကိစ္စကိုတော့ ဒီအချက်(ရော်နယ်ဒိုကိုမထည့်သွင်းခြင်း) နဲ့ နှိုင်းယှဉ်တာမျိုး မပြုလုပ်စေလိုပါဘူး” လို့ထပ်လောင်းပြောဆိုခဲ့ပါတယ်။တန်ဟဂ် အနေနဲ့ ရော်နယ်ဒို ကို အရံခုံတင်ထားခဲ့တာက နည်းစနစ်ပိုင်းလိုအပ်ချက်ဖြစ်နိုင်ပြီး မာစီရယ် ဝင်ပါလာတဲ့နောက်ပိုင်းမှာ ယူနိုက်တဒ် ရဲ့ တိုက်စစ်ပိုင်းထက်မြက်မှု က အဖြေဖြစ်လာခဲ့ပါတယ်။

သို့သော်လည်း ရွိုင်က်ိန်း ကတော့ ဒါဘီလို အရေးကြီးပွဲမှာ ရော်နယ်ဒို ကို အရံခုံတင်ထားတာက လေးစားမှုမရှိတဲ့လုပ်ရပ်ဖြစ်ပြီး ယခုလိုလုပ်မယ့်အစား နွေမှာထဲက လက်လွှတ်ပေးခဲ့သင့်တယ်လို့ ဝေဖန်ခံ့ပါတယ်။ရွိုင်ကိန်း က “ယူနိုက်တဒ် က ရော်နယ်ဒို ကို လေးစားမှုလုံးဝမရှိဘူးလို့ ထင်ပါတယ်။ရော်နယ်ဒို ကို အရံခုံမှာ တချိန်လုံးထိုင်ခိုင်းထားလို့မရပါဘူး။”

” သူက ကမ္ဘာ့အကြီးကျယ်ဆုံး ကစားသမားပါ၊သူတို့မှာ ရွေးချယ်စရာမရှိဘူးဆိုတာက လုံးဝမဟုတ်ပါဘူး၊ရော်နယ်ဒို လို ကစားသမား အတွက် ရွေးချယ်စရာက (၄-၅)ခုမက ရှိပါတယ်။သူတို့အနေနဲ့ ဒီအခြေအနေကို ကြိုမြင်ခဲ့ရင် ရာသီမစခင်ထဲက လက်လွှတ်ခဲ့သင့်ပါတယ်၊ဒီအတိုင်းသာဆက်ဖြစ်လာရင် ပုံရိပ်က ပိုပြီးဆိုးရွားလာပါလိမ့်မယ် ဘာကြောင့်လည်းဆိုတော့ မီဒီယာတွေက ပွဲတိုင်း တန်ဟဂ် နဲ့ အရံခုံပေါ်ကရော်နယ်ဒို ကို ပဲ သတင်းလုပ်နေကြမှာမလို့ပါ”လို့ဆိုပါတယ်။