ကျားကို အတောင်တပ်ပေးလိုက်သလိုဖြစ်တဲ့ မန်ယူနိုက်တက်ရဲ့ပဉ္စမမြောက်အပြောင်းအရွှေ့

Posted on

အန်တိုနီအတွက် အပြီးသတ်သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်တဲ့ မန်ယူနိုက်တက်

ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာယူနိုက်တက်အသင်းကတော့ အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းခါနီမှာ ကြီးမားတဲ့ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ကက်စ်မဲရိုးးကို ခေါ်ယူနိုင်ခဲ့သလို အခုအခါမှာလည်း အေဂျက်စ်တောင်ပံကစားသမား အန်တိုနီကို ထပ်မံ ခေါ်ယူနိုင်ခဲ့ပြန်ပါပြီ။

ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမား အန်တိုနီရဲ့အပြောင်းအရွှေ့အတွက် အေဂျက်စ်နှင့် မန်ချက်စတာယူနိုက်တက်အသင်းအကြား အပြီးသတ်သဘောတူညီမှု ရရှိပြီးဖြစ်ကြောင်း သိရပါတယ်။

အသက်(၂၂)နှစ်အရွယ်ရှိ အန်တိုနီဟာ ယနေ့တွင် ယူနိုက်တက်အသင်းနှင့် အပြောင်းအရွှေ့စာချုပ် လက်မှတ်ရေးထိုးဖွယ်ရှိနေပါတယ်။ အန်တိုနီ၏အေးဂျင့်ဖြစ်သူ ဂျူနီယာပတ်ဒရိုဆိုက Instagram တွင် လေယာဉ်ပုံဖြင့် Here we go! ဟုရေးသားကာ အပြောင်းအရွှေ့ကို အတည်ပြုပေးခဲ့ပါတယ်။

ပြောင်းရွှေ့ကြေးမှာ ယူရို သန်း (၁၀၀) ဖြစ်ပြီး အပြည့်အဝပေးချေရမှု ယူရို (၉၅)သန်းနှင့် Add-ons ကြေး ယူရို(၅)သန်းဖြစ်ပါတယ်။ အန်တိုနီဟာ ယူနိုက်တက်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည့်အချက်ကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

အန်တိုနီဟာ ယနေ့ တနလ်ာနေ့ အဂ်လန်စံတော်ချိန်နေ့လည်ပိုင်းတွင် အဂ်လန်သို့ထွက်ခွာလာမည်ဖြစ်ပြီး မန်ယူနိုက်တက်အသင်းနှင့်အတူ ဆေးစစ်မှုခံယူသွားမည်ဖြစ်ကြောင်းသိရပါတယ်။

အန်တိုနီကို ဆုံးရှုံးရရန် သေချာသလောက်ရှိသွားပြီးနောက် အေဂျက်စ်နည်းပြ ရှရူဒါက ” အရာရာတိုင်းက ပိုက်ဆံပါပဲ။ ဒါက ဝမ်းနည်းစရာလို့ ကျွန်တော် ယူဆပါတယ်။ ဒါပေမဲ့ ဒီအရာက ကျွန်တော်တို့ကမ္ဘာပါပဲ။ ဒီအရာတွေနဲ့ပတ်သက်ပြီး အားလုံးကိုတော့ သဘောမကျပါဘူး။”လို့ ဆိုသွားခဲ့ပါသေးတယ်။