ကစားသမား(၄)ယောက် ထပ်မံအလိုရှိတဲ့ တန်ဟဂ်နဲ့ ဖိအားတွေပိုတိုးလာတဲ့ ယူနိုက်တဒ်

Posted on

ယူနိုက်တဒ်နည်းပြတာဝန်ကို တင်းပြည့် ကျပ်ပြည့် မထမ်းဆောင်ခင်မှာပဲ နည်းပြသစ် အဲရခ်တန်ဟဂ် တစ်ယောက် ပြသနာများစွာကိုတော့ အပြည့်အဝ ခံစားနေရပြီ ဖြစ်ပါတယ်။အသင်းနဲ့ စတင်ဆွေးနွေးခဲ့စဉ်က အလိုရှိတဲ့ ကစားသမားတွေကို ခေါ်ယူပေးပြီး စိတ်တိုင်းကျ လုပ်ကိုင်ခွင့်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုနဲ့ လက်မှတ်ရေးထိုးခဲ့ပေမယ့် လက်တွေ့မှာတော့ တန်ဟဂ် တစ်ယောက် အလိမ်ခံခဲ့ရပြီး ကတ်မတည်တဲ့ ဘုတ်အဖွဲ့ကြောင့် အခက်ခဲတွေကြား ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

တန်ဟဂ် ရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်တဲ့ ဖရန်ကီဒီဂျောင် အပြောင်းရွှေ့က လက်တလောမှာတော့ ရပ်တံ့နေပြီး ဘာစီလိုနာနဲ့ဖြေရှင်းမရတဲ့ ပြသနာတွေကြား ယူနိုက်တဒ် ရဲ့ ကမ်းလှမ်းမှုကလည်း ဒိတ်လွန်သွားပြီလို့ သတင်းတွေကဆိုပါတယ်။

ယူနိုက်တဒ် ဘုတ်အဖွဲ့က ကွင်းလယ်လူအလိုရှိတဲ့ တန်ဟဂ် ကို ဖြည့်ဆည်းနိုင်ရန် အတွက် ယူဗင်းတပ်စ် ကွင်းလယ်လူ ရာဘီယော့ ကို ခေါ်ယူရန်ကြိုးစားခဲ့ပါသေးတယ်။တူရင်ကလပ် နဲ့ ယူရို(၁၈)သန်းတန် သဘောတူညီမှု ရခဲ့ပေမယ့် အဆုံးသတ်မှာတော့ ကစားသမားရဲ့ မြင့်မားတဲ့ လုပ်ခလစာ တောင်းဆိုမှုကြောင့် နောက်ဆုတ်ခဲ့ရပြီး အပြောင်းရွှေ့ကအပြီးသတ်သွားပြီပဲ ဖြစ်ပါတယ်။

ယမန်နေ့က ထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒို၊ရီးရဲလ်ကွင်းလယ်လူ ကတ်စမဲရိုး နဲ့ အေတီကို တိုက်စစ်က ဖီးလစ် တို့ကို ခေါ်ယူမယ်လို့ သတင်းတွေထုတ်လွှင့်ခဲ့ကြပြီး ပရိတ်သတ်တွေကတော့ နတ်သမီးပုံပြင်တွေမလို့ စိတ်ပျက်မှုတွေသာပိုတိုးလာကြပါတယ်။

အသင်းရဲ့ အပြောင်းရွှေ့ပေါ်လစီ နဲ့ မူဝါဒပိုင်း အားနည်းချက်တွေကြောင့် လိုအပ်တာပိုမိုပြီး ကြန့်ကြာနေရတဲ့ အပြောင်းရွှေ့တွေအတွက် လက်တလောမှာ ဖိအားတွေ တိုးမြှင့်လာတာက အားကစားဒါရိုက်တာ ဂျွန်မော့တော့ဂျ်ပဲ ဖြစ်ပါတယ်။

ပေါလ်မစ်ချယ်၊လူးဝစ်ကမ်းပိုစ့် တို့လို အတွေ့ကြုံရှိတဲ့ အားကစားဒါရိုက်တာတွေကို ဘေးချိတ်ပြီး ရဖ်ရန်းနဂ် လို ဝါရင့်အားကစားဒါရိုက်တာကိုပါ ထုတ်ပယ်ကာ နေရာပေးခဲ့ပေမယ့် သူခေါ်ယူလာတဲ့ ကစားသမားတွေရဲ့တန်ကြေးထက် ညှိနှိုင်းရေးအတွက်သွားလာနေရတဲ့ လေယာဉ်လက်မှတ်ဖိုးက ပိုများနေတာကြောင့် ပရိတ်သတ်တွေက ကြာလေစိတ်ပျက်လေ ဖြစ်လာကြပါတယ်။ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီမှာ လူဝယ်ယူမှုတွေကြန့်ကြာနေလို့ အမှုဆောင်ချုပ် အဒ်ဝုဒ်ဝဒ်အိမ်ကိုမီးကျည်ပစ်ခံခဲ့ရဖူးသလို ဒီနွေမှာ ကစားသမားအပြောင်းရွှေ့ လုပ်ဆောင်ရန်ကြန့်ကြာနေမယ်ဆိုရင် မော့တော့ဂျ် ရဲ့ အိမ်လည်း အဆိုပါအဖြစ်ဆိုးနဲ့ ကြုံတွေ့ရဖွယ်ရှိပါတယ်။