အင်တာနေရှင်နယ်ပြိုင်ပွဲတွေကနေ အကြီးကျယ်အမြတ်ထွက်ခဲ့တဲ့ ယူနိုက်တဒ် နဲ့ တတ်ဟဂ်

Posted on

မန်ယူနိုက်တဒ် ရဲ့ ပြီးခဲ့တဲ့ နောက်ဆုံး (၇) ပွဲရလာဒ် မှာ ဆိုစီဒက် ကို အမှတ်မထင်အရေးနိမ့်ခဲ့တာက လွဲရင် အကောင်းဖက်ကို ဦးတည်တဲ့ ကစားဟန်၊ခြေစွမ်း၊စိတ်ဓာတ် နဲ့အတူ ရလာဒ်ကောင်းတွေပါ ပိုင်ဆိုင်ခဲ့ပါတယ်။အသင်းရလာဒ်ကောင်းလာတိုင်း နိုင်ငံတာကာပွဲတွေ ဝင်လာရင် ဒဏ်ရာရတာ၊ခြေစွမ်းကောင်းပျောက်သွားတာတွေ မကြာခဏ ဖြစ်လေ့ရှိခဲ့တာကြောင့် ယခုတစ်ကြိမ်ကိုလည်း အလားတူဖြစ်ရပ်မျိုး ဖြစ်လာမှာကို ပရိတ်သတ် တွေက စိုးရိမ်ခဲ့ကြပါသေးတယ်။သို့သော်လည်း ယခုတစ်ခေါက် နိုင်ငံတကာပွဲတွေအတွင်းမှာတော့ ဒဏ်ရာကစားသမား တစ်ယောက်သာ ရှိခဲ့သလို ကစားသမားတိုင်း ထူးရှယ်ခြေစွမ်းပြသခဲ့တာကြောင့် ပရိတ်သတ်တွေ ရဲ့ ကျေနပ်မှုအပြင် တန်ဟဂ် အတွက် လာမယ့် မန်ချက်စတာဒါဘီကစလို့ ပွဲကြပ်ကာလကိုဖြတ်ကျော်ရာမှာ အထောက်ကူကောင်းတွေများစွာရရှိလာပါလိမ့်မယ်။

ပြင်သစ် နောက်ခံလူ ဗာရန်း က ဒဏ်ရာပြသနာနဲ့ပက်သက်ရင် ပရိတ်သတ်တွေ စိတ်အပူရဆုံး ကစားသမားဖြစ်ပေမယ့် ယခုတစ်ကြိမ်တော့ ယခင်ခြေစွမ်းကောင်းပြန်ရနေတဲ့ ပြင်သစ်သားက ရီးရဲလ်ရဲ့ နောက်ဆုံးနှစ်အပိုင်းအခြား ကြံခိုင်မှုပါ ပြန်လည်ရရှိထားပါတယ်။အဲရခ်ဆင် ကတော့ ဒိန်းမတ်ကွင်းလယ်ကို စိတ်တိုင်းကျချုပ်ကိုင်ခဲ့ပြီး မိုဒရစ် ရဲ့ ခရိုအေးရှား၊ ကမ်မာဗင်ဂါ ရဲ့ ပြင်သစ် ကို အနိုင်ပိုင်းကာ ကိုယ်တိုင်လည်း နှစ်ပွဲဆက် MOTM နဲ့ လှပသေသပ်လွန်းသော အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါသေးတယ်။ယခုတစ်ပတ် နိုင်ငံတကာပွဲရဲ့အထင်ရှားဆုံး ကစားသမားက တော်မနေး ဖြစ်နေပြီး စကော့တလန်ရဲ့ ခံစစ်နေရာကနေ ကွင်းလယ်ဗိုလ်ချုပ်ဖြစ်လာခဲ့ပြီး ကစားသမားဘဝတလျှောက် အကောင်းဆုံးသော ကာလအပိုင်းခြားကို ပိုင်ဆိုင်နေပါတယ်။

အင်္ဂလန်မှာတော့ သတင်းကောင်းနှစ်ခုဆက်တိုက်ရှိခဲ့ပြီး တစ်ခုက လုခ်ရှော ရဲ့ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိခြင်းဖြစ်ပြီး နောက်တစ်ခုကတော့ မက်ဂွိုင်းယား ဒဏ်ရာရသွားတာပဲ ဖြစ်ပါလိမ့်မယ်။ ယခုရရှိခဲ့တဲ့နားရက်အတွင်း ဒဏ်ရာရကစားသမားတွေဖြစ်တဲ့ ရရှ်ဖိုဒ့် နဲ့ မာစီရယ် တို့ လေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး တန်ဟဂ် ရဲ့ နည်းစနစ်ပိုင်းလေ့ကျင့်ခန်းမှာ နိုင်ငံတကာပွဲမရှိတဲ့ ကစားသမားတွေနဲ့ လူငယ်တွေ အတော်လေး လေ့ကျင့်ခွင့်ရရှိခဲ့ကြပါတယ်။

ဘရာဇီးလ် ရဲ့ ကတ်စမဲရိုး၊အန်တိုနီ နဲ့ အာဂျင်တီးနားရဲ့မာတီနက်ဇ် လည်း ခြေစွမ်းပြခဲ့ပါသေးတယ်။ယူနိုက်တဒ် အနေနဲ့ လာမယ့် အောက်တိုဘာ (၂)ရက်နေ့ကစပြီး မန်ချက်စတာဒါဘီပွဲကစလို့ ပွဲဆက်များမယ့်ကာလကိုဖြတ်ကျော်ရမှာဖြစ်တာကြောင့် လက်တလော ကစားသမားတွေရဲ့ တစ်ဦးချင်းခြေစွမ်းတိုးတက်မှုက အသင်းလိုက်စုဖွဲ့မှုကို ပိုမိုကောင်းမွန်စေဖို့ အထောက်ကူပေးလာပါလိမ့်မယ်။