ဟာလန်းရဲ့ စာချုပ်ဖျတ်သိမ်းကြေးကို ၂၀၂၄ မှာ အသက်သွင်းဖို့ ကြံစည်နေကြတဲ့ ယူနိုက်တက်နဲ့ ရီးရဲလ်

Posted on

မန်ယူနိုက်တဒ် နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ လာမယ့် ၂၀၂၄ဇူလိုင် မှာ အသက်ဝင်မယ့် အာလင်ဟာလန်း ရဲ့ စာချုပ်ပါဖျတ်သိမ်းကြေး ယူရိုသန်း(၁၀၀) ကို အသက်သွင်းကာ နော်ဝေးလ်ဂိုးသွင်းစက်ကိုအရခေါ်ယူလိမ့်မယ်လို့ သတင်း တွေကဆိုပါတယ်။ ဟာလန်း နဲ့ မန်စီးတီး ရဲ့ ချုပ်ဆိုခဲ့တဲ့စာချုပ်အရ နှစ်ရာသီအလွန်မှာ စာချုပ်ဖျတ်သိမ်းကြေး ယူရိုသန်း(၁၀၀)ကို အသက်ဝင်စေရမယ်လို့ ပါရှိခဲ့ပြီး အဆိုပါသဘောတူညီချက်ဟာ ဒေါ့မွန်အသင်းနဲ့ချုပ်ဆိုခဲ့စဉ်ကပါရှိတဲ့ ယူရို(၇၅)သန်းတန် စာချုပ်ဖျတ်သိမ်းကြေး နဲ့ တူညီတဲ့ အချက်လည်းဖြစ်ပါတယ်။ မန်စီးတီး အသင်းကလည်း ဟာလန်း ကို စာချုပ်ပါဖျတ်သိမ်းကြေး ပေးချေကာ ခေါ်ယူခဲ့တာ ဖြစ်ပြီး လာမယ့်တစ်ရာသီအကျော်မှာတော့ မြို့ခံပြိုင်ဘက်နဲ့ ရီးရဲလ်မက်ဒရစ် က အလားတူပုံစံအတိုင်း အီတီဟဒ် ကနေ ဆွဲထုတ်ဖို့ကြံစည်နေတာပဲ ဖြစ်ပါတယ်။

မက်ဒရစ် ရဲ့ ဦးစားပေးတိုက်စစ်ကစားသမားက အမ်ဘာပေး ဖြစ်ပေမယ့် PSG နဲ့ အမုန်းတရားက ပိုမိုကြီးထွားလာသလို ပီရက်ဇ် အနေနဲ့ အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ အမ်ဘာပေး ကို ခေါ်ယူရေး လက်လွှတ်လိုက်ပြီလို့ MARCA က ဖော်ပြလာပါတယ်။ မက်ဒရစ် အနေနဲ့ ဘန်ဇီမာ အလွန်မှာ တိုက်စစ်မှုးစစ်စစ် အဖြစ် ကစားနိုင်မယ့်သူကိုသာ ရှာဖွေနေပြီး ဗင်းနစ်ရှပ်၊ရိုဒီရီ တို့ရှိနေတာကြောင့် ဟာလန်း ဟာ နံပတ်(၉)နေရာအတွက် အလိုအပ်ဆုံးကစားသမားလို့ မက်ဒရစ်တာဝန်ရှိသူတွေကယူဆထားတာပဲ ဖြစ်ပါတယ်။မန်ယူနိုက်တဒ် ကတော့ ရော်နယ်ဒို အလွန်မှာ အထောင်တိုက်စစ်မှုးတစ်ဦး ခေါ်ယူရန်ဆန္ဒပြင်းပြနေပြီး လက်ရှိဈေးကွက်အတွင်း တန်ဖိုးမဆန်တဆမြင့်တက်လာတာကြောင့် ဟာလန်း ကို မြင့်မားတဲ့ လုပ်ခလစာ နဲ့ ဆုကြေးတွေပေးချေကာ ဖျတ်သိမ်းကြေးနဲ့ခေါ်ယူလိုနေတာပဲ ဖြစ်ပါတယ်။

လက်တလောမှာတော့ ပရီးမီးယားလိဂ်မှာ သွင်းဂိုးမုန်တိုင်းတွေထန်နေတဲ့ ဟာလန်း က ဟက်ထရစ် (၂) ပွဲအပါဝင် (၁၂)ပွဲကို (၁၇)ဂိုးသွင်းပြီး (၂)ကြိမ်ဖန်တီးပေးထားပါတယ်။ မန်စီးတီး အသင်းဖက်ကတော့ ဟာလန်းရဲ့စာချုပ်မှာ ဖျတ်သိမ်းကြေးမပါကြောင်းပြောဆိုနေပေမယ့် ဖာဘရီဇီယိုရိုမာနို ကတော့ စာချုပ်ဟာ ဖျတ်သိမ်းကြေးပါဝင်ပြီး အတိအကျသိရှိရန်တော့ ခဲယဉ်းတယ်လို့ဆိုပါတယ်။ဒေါ့မွန်အသင်းနဲ့ချုပ်ဆိုခဲ့စဉ်ကလည်း ဖျတ်သိမ်းကြေးထည့်သွင်းခဲ့သလို မန်စီးတီး အပြောင်းရွှေ့စာ ကွယ်လွန်သူ ရွိုင်းအိုလာ ရဲ့ စီစဉ်မှုဖြစ်တာကြောင့် ဖျတ်သိမ်းကြေး သေချာပေါက်ပါဝင်လာမှာဖြစ်တယ်လို့ ဂျာနယ်လစ်တွေက ဆိုထားပါတယ်။

မည်သို့ပင်ဆိုစေကာမူ အကောင်းဆုံးတွေကိုမှ ရွေးချယ်စားသောက်တတ်တဲ့ မက်ဒရစ် ကတော့ ဟာလန်း ကို သေချာပေါက်အလိုရှိနေသလို တချိန်က ရှမိုက်ကယ်၊ကိုးလ်၊တီဗက်ဇ် တို့လို ကစားသမားတွေတောင် မြို့ခံပြိုင်ဘက်ကိုကူးပြောင်းတာမျိုး ဖြစ်ခဲ့ဖူးတာကြောင့် ဟာလန်း နဲ့ ယူနိုက်တဒ် အပြောင်းရွှေ့ကလည်း ဘာမဆို ဖြစ်လာနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။