လက်ရှိကမ္ဘ္ဘာ့အကောင်းဆုံးတိုက်စစ်မှုးကို ပေါင်(၃)သန်းနဲ့ခေါ်ယူနိုင်ဖို့ လက်လွှတ်ခဲ့ဖူးတဲ့ ယူနိုက်တက်

Posted on

မန်ယူနိုက်တဒ် အသင်းဟာ မိုလ်ဒီအသင်းမှာ ဂိုးမိုးရွာနေတဲ့ ဟာလန်း ကို ခေါ်ယူဖို့ အခွင့်လမ်းကောင်းတစ်ခု ရရှိခဲ့ပေမယ့် ဝန်ထမ်းတွေရဲ့ ပေါ့ဆမှုကြောင့် လွဲချော်ခဲ့ဖူးပါတယ်။ မိုလ်ဒီအသင်းဟာ ထိုစဉ်ကဆိုးလ်ရှားကိုင်တွယ်နေတာ ဖြစ်လို့ သူတို့ရဲ့ ဂိုးသွင်းစက်ကြီးကို အခြားသော ဥရောပအသင်းကြီးတွေ သတိမမူခင်မှာပဲ မန်ယူနိုက်တဒ်အသင်း လက်ဦးမှုရယူနိုင်စေဖို့ ဆိုးလ်ရှားက ကူညီပေးခဲ့ပါတယ်။ ဆိုးလ်ရှား အကူညီနဲ့ တွေ့ဆုံခဲ့ပြီးနောက် ယူနိုက်တဒ် တာဝန်ရှိသူတွေ နဲ့ မိုလ်ဒီအသင်း တာဝန်ရှိသူတွေ ပြီးတော့ ဟာလန်းရဲ့ အေးဂျင့် ဖြစ်သူတို့ဟာ နောက်တနေ့မနက် (နော်ဝေးလ်စံတော်ချိန် ၉နာရီ) မှာ ပြန်လည်အကြောင်းပြန်ဖို့ အတည်ပြုခဲ့ကြပါတယ်။

သို့သော်လည်း ယူနိုက်တဒ်တာဝန်ရှိသူတွေက ဗြိတိသျှစံတော်ချိန် နဲ့ မှားယွင်းလွဲမှားခဲ့ပြီး အင်္ဂလန်မနက်(၉)နာရီ မှာ ဖုန်းခေါ်ဆိုခဲ့တာကြောင့် နော်ဝေးလ်စံတော်ချိန် မနက်(၁၀)နာရီ ဖြစ်နေခဲ့ပြီး ထိုအချိန်မှာ ဟာလန်း ဟာ Red Bull ဆဲလ်ဘက်ဇ် အသင်းနဲ့ စာချုပ်ချုပ်ဆိုပြီး ဖြစ်နေခဲ့ပါပြီ။

ဆဲလ်ဘက်ဇ် အသင်းဟာ Time Zone မမှားယွင်းပဲ နော်ဝေးလ်စံတော်ချိန် မနက် (၉)နာရီမှာ ဖုန်းခေါ်ဆိုခဲ့တာကြောင့် မန်ယူနိုက်တဒ် ထက် တစ်နာရီစောသွားပြီး ဟာလန်း ကို ရရှိခဲ့ကာ လက်ရှိအချိန်မှာတော့ နတ်ဆိုးတို့အတွက် အဆိုပါတစ်နာရီစာလွဲချော်မှုက ကြီးမားတဲ့ ပေးဆပ်မှု ဖြစ်လာခဲ့ရပါတယ်။ထိုစဉ်က ဟာလန်း ရဲ့ ပြောင်းရွှေ့ကြေးက ပေါင်(၃)သန်း သာ ရှိလို့ လက်ရှိပြောင်းရွှေ့ကြေးနဲ့ ယှဉ်ထိုးကြည့်ရင် အဆ(၅၀)နီးပါးကွာဟသွားပြီလည်း ဖြစ်ပါတယ်။

ဆဲလ်ဘက်ဇ် ကို ရောက်ရှိသွားတဲ့ ဟာလန်း ကို ၂၀၁၉-၂၀၂၀ မှာ ထပ်မံခေါ်ယူဖို့ ထိုစဉ်ကနည်းပြကြီးဆိုးလ်ရှားက ကြိုးစားခဲ့ပါသေးတယ်။ဆဲလ်ဘက်ဇ် အသင်းတည်ရှိရာရုံးချုပ်အထိ လေယာဉ် နဲ့ သွားရောက်ကာ ဟာလန်း ကို စည်းရုံးခဲ့သလို ဖခင်ဖြစ်သူ အလ်ဖ်ဟာလန်း ကိုလည်း နော်ဝေးလ်အထိ သွားရောက်စည်းရုံးကာ သဘောတူညီမှုအချို့ ရယူခဲ့ပေမယ့် အဆုံးသတ်မှာတော့ အဒ်ဝုဒ်ဝဒ် ရဲ့ ခေါင်းမာမှု ကြောင့် ဒေါ့မွန်အသင်းထံ ထပ်မံလက်လွှတ်ခဲ့ရပြန်ပါတယ်။

ဆဲလ်ဘက်ဇ် အသင်းက ဟာလန်းကို ယူရို(၂၅)သန်းတောင်းဆိုခဲ့ပြီး အဒ်ဝုဒ်ဝဒ် က ယူရို (၁၈)သန်းသာ ပေးချေလိုတာကြောင့် အဆုံးသတ်မှာတော့ အပြောင်းရွှေ့ပျက်ပြီး ဒေါ့မွန်ကို ရောက်ရှိသွားတာပဲ ဖြစ်ပါတယ်။