GOAT ကြီးရဲ့နေဝင်ချိန် (သို့) ရော်နယ်ဒိုနဲ့ ပွဲထွက်ခွင့် အာမခံချက်ပျောက်ဆုံးနိုင်ခြင်း

Posted on

ခေတ်အဆက်ဆက် တိုက်ကြီးများစွာကို သိမ်းပိုက်ခဲ့တဲ့ စစ်ဘုရင်ကြီးတွေ လည်း တချိန်မှာတော့ ရှင်ဘုရင်အဖြစ်က ဖယ်ပေးရတဲ့ ကာလကို မလွဲမသေရောက်လာကြပါတယ်။နေမဝင်ဗြိတိသျှအင်ပါယာကြီးရဲ့ အရှင်သခင် ဘုရင်မကြီးတောင် သက်တော်ကုန်လို့ နေဝင်သွားတဲ့နောက် မတည်မြဲတဲ့ လောကကြီးမှာ တည်မြဲခြင်းဟာ ကိုယ်စိုက်ထူခဲ့တဲ့ သမိုင်းမှတ်တိုင် တွေ၊ရေးထိုးခဲ့တဲ့ ကဗ္ဗည်းကျောက်စာတွေပဲ ရှိပါလိမ့်မယ်။ လူသားတိုင်း တနေ့ ဇရာ ရဲ့ တောင်းဆိုမှုကို မကျော်လွန်နိုင်သလို ယနေ့အချိန်မှာတော့ ဆယ်စုနှစ် နှစ်ခုစာလောက် ဘောလုံးကမ္ဘာကို စိုးမိုးထားခဲ့တဲ့ ဘောလုံးအင်ပါယာရဲ့ ဂျူးလီးယက်စ်ဆီဇာ ဒါမှမဟုတ် ဘောလုံးလောကရဲ့ ဇူးစ် တဖြစ်လည်း ရော်နယ်ဒို တယောက် မရောက်ချင်လည်း ကြိုနှင့်တဲ့ နေဝင်ချိန်ကို စိုက်စိုက်မြိုက်မြိုက်ပဲ လှမ်းလာခဲ့ရပါပြီ။

ရာသီအစမှာထဲက ကြံခိုင်မှုပြသနာတွေ များနေသလို စိတ်ပိုင်းဆိုင်ရာ ပြသနာတွေကြောင့် စိတ် ကျန်းမာရေး ကုထုံးတွေ ရယူနေရတဲ့ ရော်နယ်ဒို ဟာ ရုပ်ပိုင်းဆိုင်ရာ ထက် စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုကို အလျှင်အမြန်ခံစားနေဟန်တူပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မွေးကင်းစသားငယ်လေးကို ဆုံးရှုံးခဲ့ရပြီးတဲ့နောက် ရော်နယ်ဒို တစ်ယောက် အတော်လေး ခြေကျလာသလို ယူရိုပါလိဂ်ဆင်းကန်ရတာ၊ခေါ်ယူလိုတဲ့အသင်းရှားပါးသွားတာတွေကလည်း ခေတ်အဆက်ဆက် အပေါ်စီးကနေသာ ရှိနေခဲ့တဲ့ သူ့ အတွက် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ခံရမှုတွေ ဖြစ်လာစေပါတယ်။အထူးသဖြင့် ပြိုင်ဘက်ကြီး လီယွန်နယ်မက်ဆီ ရဲ့ စိတ်တိုင်းကျဖြစ်ထွန်းခွင့်ရနေတဲ့အခြေအနေမှာ ယူရိုပါလိဂ်ဆင်းကန်ရတဲ့ အဖြစ် က နန်းကျဘုရင်တစ်ပါးလို ရုတ်ချည်း ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ကျရောဂါ က ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကိုပါ ထိခိုက်မှု ရှိလာစေပါတယ်။

ရော်နယ်ဒို က လက်ရှိမှာ ယူနိုက်တဒ် အတွက် ပယ်နယ်တီ ကနေ ရှရဖ် အသင်းဖက်ကို တစ်ဂိုးသွင်းယူထားတာကလွဲလို့ အပိုင်အခွင့်အရေးများစွာဖြုန်းတီးခဲ့သလို နည်းဗျူဟာထဲ စီးမျောအံဝင်ဖို့ကလည်း ကြံခိုင်မှုပြသနာတွေ ရှိနေပါတယ်။ပေါ်တူဂီ မှာလည်း ဂိုးပေါက်ပျောက်ဆုံးနေတဲ့ ရော်နယ်ဒို ကြောင့် စပိန်ကို (ဝ-၁) နဲ့အရေးနိမ့်ကာ နေးရှင်းလိဂ် ကနေ ထွက်သွားရသလို လာမယ့် WC မှာ ရော်နယ်ဒိုရဲ့ပွဲထွက်ခွင့်ခြေစွမ်းအပေါ် ပရိတ်သတ်တွေက စိုးရိမ်နေကြပါတယ်။

မန်ယူနိုက်တဒ် အနေနဲ့လည်း လာမယ့် မန်ချက်စတာဒါဘီမှာ ရရှ်ဖိုဒ့် နဲ့ မာစီရယ် ပြန်လည်ပါဝင်နိုင်ခြင်းမရှိသေးရင် ရော်နယ်ဒိုကိုသာအားကိုးရဖွယ်ရှိပြီး အဆိုပါပွဲမှာလည်း သူ့ရဲ့ပြန်လာခြင်းနေ့ရက်တွေဟာ နီးစပ်ခဲ့ခြင်း မရှိရင် နတ်ဘုရားတစ်ပါးရဲ့ ကံတော်ကုန်ချိန် တနည်း ဘုရင်းတစ်ပါးရဲ့နန်းကျချိန်ဟာ မရောက်ချင်လည်း ရောက်လာခဲ့ရပြီလို့ပဲ သတ်မှတ်ရပါတော့မယ်။