အသင်းရောင်းချမှာလား အသင်းကိုဆွဲချမှာလား ဆုံးဖြတ်ရတော့မယ့် ဂလေဇာမိသားစု

Posted on

မန်ယူနိုက်တဒ် အသင်းရဲ့ အခြေအနေတွေက တနေ့ထက်တနေ့ ဆိုးသထက်ဆိုးသလို တအိအိနဲ့ နစ်မြှပ်လာတဲ့ သင်္ဘောကြီးတစ်စင်းသဖွယ် ဖြစ်လာတဲ့နောက် ဦးစီးပဲ့ကိုင် ပိုင်ရှင်တွေ ဖြစ်ကြတဲ့ ဂလေဇာ မိသားစုဟာလည်း ဒီသင်္ဘောကြီးပေါ်ကနေ လွတ်ရာကို ခုန်ကူးဖို့ ဟန်ပြင်နေကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပျက်ကပ်အတွင်း ထိခိုက်လာတဲ့ ဝင်ငွေတွေကြောင့် ငွေရလမ်းမဖြောင့်တော့သလို ကွင်းတွင်းမှာ ကျရှုံးနေလို့ စပွန်ဆာတွေရဲ့ စိတ်ရှည်မှု ကုန်ဆုံးလာတဲ့နောက် ဂလေဇာ ဟာ ကျောက်ခဲရေညှစ်သလို ညှစ်ထုတ်နေတဲ့ သူတို့ရဲ့ငွေတွင်းမှာ ခမ်းပါးလာတဲ့ အသပြာတွေနဲ့အတူ ကာလရှည်နှစ်များစွာ မပြုပြင်ပဲ ပစ်ထားခဲ့တဲ့ ဒဏ်တွေကြောင့် အရေးပေါ်အကြီးစားပြင်ဆင်ရမယ့် အနေထားတွေကြောင့် ယူနိုက်တဒ်ကနေ စွန့်ခွာချိန်တန်ပြီလို့ စတင်စဉ်းစားလာကြဟန်တူပါတယ်။

အိုးထရဒ့်ဖိုဒ့် ကို အကြီးစားပြင်ဆင်ရန် နဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းကို အဆင့်မြှင့်တင်ရန်တို့ အတွက် ပေါင်(၁)ဘီလျံနီးပါး အသုံးပြုရန်လိုအပ်ပြီး အနည်းဆုံးကုန်ကျမှုဖြစ်တဲ့ ကာရင်တန်ကို အဆင့်မြှင့်ပြီး အိုးထရဒ့်ဖိုဒ့် တောင်ဘက်ခြမ်းပွဲကြည့်စင်ကိုသာ ပြုပြင်မယ်ဆိုရင်တောင် ပေါင်သန်း(၄၀၀)နီးပါး ကုန်ကျမှာပဲ ဖြစ်ပါတယ်။

လက်ရှိနွေအပြောင်းရွှေ့မှာလည်း ငွေစိုက်ထုတ်လိုခြင်းမရှိတဲ့ ဂလေဇာ က ပေါင်သန်း(၂၀၀) ကျော်စိုက်ထည့်ရမယ့် အဖြစ်ကို ရှောင်လွှဲနိုင်ဖို့ ရှိတဲ့ကစားသမားတွေနဲ့သာ ရှေ့ဆက်စေလိုဟန်ရှိပြီး လက်ကျန်ရက်ပိုင်းအတွက် ပြုလုပ်ရန်လျာထားတဲ့ အပြောင်းရွှေ့တွေကို အာဏာကုန်သုံးပြီး တားဆီးခဲ့ပါတယ်။

ဂလေဇာ အတွက် ယခုနွေမှာ လုံလောက်တဲ့ ဖြည့်တင်းမှုတွေ မပြုလုပ်ခဲ့ရင် ကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်လာမှာဖြစ်သလို လက်ရှိဘုတ်အဖွဲ့ အတွက်လည်း ပိုကြီးမားတဲ့ ဖိအားတွေ ဝင်ရောက်လာပါလိမ့်မယ်။

ဂလေဇာ က ယူနိုက်တဒ် ကို ဝယ်ယူရန် ဘဏ်ကနေ ပေါင်သန်း(၇၀၀) ချေးယူကာ ဝယ်ယူခဲ့တာဖြစ်ပြီး အသင်းကနေ အမြတ်ငွေ ပေါင်တစ်ဘီလျံကျော် ထုတ်ယူသုံးစွဲကာ ဥရောပထိပ်သီးလိဂ်ငါးခုအနက်အသင်းကို ငွေကြေးစိုက်ထုတ်မှု လုံးဝ(လုံးဝ) ပြုလုပ်ခြင်းမရှိတဲ့ ပိုင်ရှင်တွေအဖြစ် ရပ်တည်နေပါတယ်။ လက်တလောမှာ ယူနိုက်တဒ် ကို ဝယ်ယူဖို့သတင်းထွက်နေသူတွေ ရှိပေမယ့် ဂလေဇာ ရဲ့ ပေါင်(၄.၅)ဘီလျံ တောင်းဆိုမှုကြောင့် လက်တွန့်နေကြသလို အာရဗ် ကမ္ဘာကတော့ အခြေအနေကို အနီးကပ်စောင့်ကြည့်လျက် ရှိပါတယ်။