ကထ္ထီပါလမ်းခွဲမဖြစ်နိုင်တော့တဲ့ ယူနိုက်တဒ် နဲ့ ရော်နယ်ဒိုရဲ့ ဇာတ်သိမ်းခန်း

Posted on

တော့တင်ဟမ် နဲ့ ပွဲမှာ အဝတ်လဲခန်းကို (၈၉)မိနစ်မှာ ဥမင်ကတဆင့် ဝင်ရောက်သွားတဲ့နောက် ရော်နယ်ဒို နဲ့ တန်ဟဂ် ရဲ့ သကာရည်ခပ်ပါးပါးလောင်းထားတဲ့ အပေါ်ယံအလွှာဟာ ကွာကျသွားခဲ့ပြီဖြစ်ကြောင်း ပရိတ်သတ်တွေ နားလည်ခဲ့ကြပါတယ်။ တန်ဟဂ် က မီဒီယာဖြေဆိုမှုတိုင်းမှာ ရော်နယ်ဒို ဟာအရေးပါဆဲ ဖြစ်ကြောင်း မည်သို့ပဲပြောနေစေကာမူ လက်တွေ့မှာ ယူရိုပါလိဂ် ပွဲတွေသာ ကစားခွင့်ပေးနေပြီး လိဂ်မှာတော့ အရံခုံပွဲချိန်အများစု ထိုင်ခိုင်းထားတာက နည်းစနစ်ပိုင်းဆိုင်ရာ ရှုထောင့်အရ ဖယ်ချန်ထားခြင်းလို့ ခေါင်းစဉ်တပ်လို့ရပါတယ်။ရော်နယ်ဒို ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ နွေမှာထဲက အသင်းပြောင်းဖို့သာ အတင်းအကန်ကြိုးစားခဲ့ပြီး လက်ရှိအချိန်မှာတော့ သူတို့နှစ်ဦးကြားက သကာလောင်းထားတဲ့ဆက်ဆံရေး ပျက်သုဉ်းသွားတဲ့နောက် အက်ကွဲရာတွေ ထင်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

ရော်နယ်ဒို အနေနဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး ကစားသမားဖြစ်နေစေကာမူ နည်းပြရဲ့ လူစားလဲဝင်ရောက်ရန် အမိန့်ပေးမှုကို ငြင်းဆန်ခွင့်မရှိသလို နည်းပြခွင့်ပြုချက်မရှိပဲ ဥမင်ထဲဝင်ရောက်သွားပြီး ပွဲမပြီးဆုံးခင် အသင်းကနေ ထွက်ခွာသွားတာမျိုးက လုံးဝမပြုလုပ်သင့်တဲ့ အပြုမူပဲ ဖြစ်ပါတယ်။သူဟာ သာမန်ကစားသမား တစ်ယောက်မဟုတ်တဲ့ ကမ္ဘာပေါ်မှာ လူသိအများဆုံး၊လေးစားမှုအခံရဆုံး၊အားကျမှုအမြင့်ဆုံး ကစားသမားဖြစ်သလို လက်ရှိယူနိုက်တဒ် တစ်သင်းလုံးရဲ့အထင်းကြီးလေးစားမှုကို ရထားတဲ့ ဝါရင့်ကစားသမားပီပီ စိတ်အလိုမလိုက်ပဲ လူကြီးလူကောင်းဆန်စွာ ပြုမူသင့်ပေမယ့် ကလေးဆန်လွန်းတဲ့ ‘ငါ့ကိုပေးမကန်လို့ ငါမပါတော့ဘူးပြန်မယ်’ ဆိုတဲ့ (၁၈)နှစ်သား အတွေးခေါ်မျိုး နဲ့ ပြုလုပ်ခဲ့တဲ လုပ်ရပ် က နှစ်(၂၀)ကျော်ကြာထိန်းသိမ်းလာတဲ့ သူ့ရဲ့ ဂုဏ်သိက္ခာအတွက် အစွန်းအထင်းဖြစ်စေခဲ့ပြီပဲ ဖြစ်ပါတယ်။

ယူနိုက်တဒ်ဖက်ကလည်း ရော်နယ်ဒို ကို ပြီးခဲ့တဲ့ နွေမှာထဲက လက်လွှတ်ခဲ့သင့်ပြီး လက်ရှိပြန်လည်တည်ဆောက်နေတဲ့အသင်းမှာ (၃၈)နှစ်သား လစာမြင့်မားလွန်းတဲ့ ကစားသမားတစ်ယောက်ဟာ အံဝင်ဖို့ခက်ခဲလွန်းတယ်ဆိုတာ နားဝင်ခဲ့ရင် အခုလိုအခြေအနေတွေကို ရှောင်လွှဲနိုင်ခဲ့မှာတော့ သေချာပါတယ်။အခုတော့ တန်ဟဂ် ဟာ ရော်နယ်ဒို ကို နောက်ပွဲမခေါ်သွားကြောင်း အသိပေးကာ ပြစ်ဒဏ်ချခဲ့ပြီး လေ့ကျင့်ခန်းတစ်ယောက်ထဲဆင်းစေခဲ့ရသလို အသင်းအနေနဲ့လည်း မတတ်သာတဲ့အဆုံး ကလပ်အထက်မည်သူမှမရှိစေရဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လက်ခံခဲ့ရပါပြီ။

ကစားသမားဘဝတလျှောက်လုံးမှာ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုတဲ့စိတ်နဲ့ ထင်ရာစိုင်းခဲ့တဲ့ ရော်နယ်ဒို အတွက်လည်း ပွဲကနေချန်လှပ်ခံရတယ်ဆိုတာ အပြင်းထန်ဆုံးသော သိက္ခာချခံရမှုလို့ မှတ်ယူထားမှာ ဖြစ်ပြီး မကြာခင်မှာ အသင်းကနေ ထွက်ခွာဖို့အပြင်းထန် ကြိုးစားတော့မှာပဲ ဖြစ်ပါတယ်။ ဇန်နဝါရီ မှာ လမ်းခွဲကိုမရောက်ခြင်လည်း ရောက်လာမှာဖြစ်ပြီး ဒီတစ်ကြိမ်တော့ လှပတဲ့အဆုံးသတ်မဖြစ်ခဲ့တာက ရအောင်မရုန်းထွက်နိုင်တဲ့ ရော်နယ်ဒို ကို အပြစ်တင်ရမလား? ဆွဲထားလွန်းခဲ့တဲ့ ယူနိုက်တဒ်ကိုပဲ အပြစ်တင်ရမလားဆိုတာတော့….