အဲဗာတန် နဲ့ ပွဲမှာ နည်းဗျုဟာ အသစ်ကို ချပြခဲ့တဲ့ အဲရခ်တန်ဟဂ်

Posted on

မန်ယူနိုက်တဒ် အသင်းရဲ့ အဲဗာတန်ကို အနိုင်ရခဲ့တဲ့ ပွဲက တခုတ်တရပြောနေရလောက်အောင်ထိ ရေးကြီးခွင်ကျယ်မဟုတ်သလို နည်းဗျူဟာပိုင်းဆိုင်ရာအရလည်း အကြီးအကျယ်ဆန်းစစ်ရမယ့် ပွဲမျိုးတော့မဟုတ်ပါဘူး။သို့သော်လည်း ယူနိုက်တဒ် ဟာ မာဆေးဆိုဒ်ဆိုရင် လိုတာထပ်ပိုပြီး ခံစစ်ကစားလေ့ရှိတဲ့ လမ်းပတ် ရဲ့ အဲဗာတန် ဖြစ်နေတာကြောင့် နည်းပြအဆက်ဆက်အခက်ကြုံနေရတဲ့ low block ကို ဖြေရှင်းနိုင်ပါ့မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိပြီး ပွဲအပြီးမှာတော့ တန်ဟဂ် က သူ့ရဲ့ရှာဖွေတွေ့ရှိမှုကို ဖော်ထုတ်ပြနိုင်ခဲ့ပါတယ်။ မန်ယူနိုက်တဒ် ဟာ (၅-၃-၂/၅-၄-၁) အစရှိတဲ့ low block အသင်းတွေကို တန်ပြန်ထိုးနှက်ဖို့ (၃-၁-၆) ဗျူဟာကို စတင်သုံးစွဲလာပြီး ဒါဟာ ဂွာဒီယိုလာ ရဲ့ မန်စီးတီးအသင်း လက်ရှိအသုံးပြုနေတဲ့ နည်းဗျူဟာ နဲ့ ဆင်တူပဲ ဖြစ်ပါတယ်။

တန်ဟဂ် ရဲ့ ၃-၁-၆ အတွက် လိုအပ်ချက်က တိုက်စစ်လိုက်ပါမှုအားကောင်းတဲ့ အစွန်နောက်ခံလူ+အဖျတ်ပိုင်နိုင်ပြီး ကွင်းလယ်မှာ ပြိုင်ဘက်ကို ထိန်းချုပ်နိုင်ကာ ဖိအားဒဏ်တွန်းလှန်နိုင်တဲ့ ကွင်းလယ်ကစားသမား+တောင်ပံအစွန်မှာ ဘောလုံးကိုင်နိုင်မယ့် တောင်ပံကစားသမား တွေပဲဖြစ်ပါတယ်။ဒီအတွက်လည်း တန်ဟဂ် က ပြီးခဲ့တဲ့ရာသီကခြေကျနေတဲ့ ရှော ကြောင့် မလာစီယာ ကို ခေါ်ယူခဲ့ပြီး ညာခြမ်းမှာ ခံစစ်ပဲအားထားရတဲ့ ဘစ်ဆာကာ အစား ဒါးလော့ က နေရာယူလာနိုင်တာပဲ ဖြစ်ပါတယ်။

ကွင်းလယ်အတွက် ဒီဂျောင် ကို အလိုရှိရခြင်း က ခံစစ် နဲ့ တိုက်စစ် ကြား ပေါင်းကူးတံတားဖြစ်စေပြီး တောင်ပံနေရာလွတ်တွေကို ခပ်မြန်မြန် ပေးပို့နိုင်ဖို့ ဖြစ်ပေမယ့် အဆုံးသတ်မှာ ကတ်စမဲရိုး ကိုသာ ရခဲ့လို့ ရှိတာနဲ့ကျေနပ်ခဲ့ရပါတယ်။ အန်တိုနီ ကို နောက်ဆုံးအချိန်ထိ ယူရိုသန်း(၁၀၀) ပေးကာ ခေါ်ယူခဲ့တဲ့ အကျိုးဆက်ဟာ လက်ရှိမှာ မျက်ဝါးထင်ထင် မြင်တွေ့နေရပြီး တန်ဟဂ် ဟာ သူအလိုရှိတဲ့ ပုံစံခွက်ထဲ မောင်းနှင်နိုင်ဖို့ လိုအပ်တဲ့ ယန္တရားတွေကို တစ်ခုစီ စုစည်းနိုင်ခဲ့ပြီ လို့ဆိုနိုင်ပါတယ်။

အဲဗာတန် နဲ့ ပွဲမှာ ကတ်စမဲရိုး ဟာ အသင်းရဲ့ အသက်သွေးကြောဖြစ်ခဲ့ပြီး ယခင် မက်ဒရစ်မှာတုံးကလို ခံစစ်တာဝန်သီးသန့် ယူတာမျိုး ကနေ ခွဲထွက်ပြီး ဘောလုံးလမ်းကြောင်း ဖြန့်ဝေတာ နဲ့ တိုက်စစ်အထိ လိုက်ပါ ကစားတာတွေ ပြုလုပ်ခဲ့ပါတယ်။ အစောပိုင်းအမှားတချို့ရှိပေမယ့် ဒါဟာ နှစ်အတော်ကြာကြာ အဖျတ်သီးသန့် ကစားနေရသူဖြစ်လို့ ပုံစံခွက်အသစ်မှာ ရုန်းကန်ရတာ သာမန်ပဲ ဖြစ်ပြီး သွေးပူလာတာနဲ့အမျှ ကတ်စမဲရိုး ဟာ ပိုမိုကောင်းမွန်တဲ့ ပုံစံကို ချပြလာနိုင်ပါတယ်။ ၃-၁-၆ မှာ တောင်ပံလူတစ်ဦးက inverted full back အဖြစ် ကစားပေးရန်လိုပြီး ယခင်ပွဲတွေမှာ ဒါးလော့ ကို အသုံးပြုခဲ့ပေမယ့်ဒီပွဲမှာတော့ ရှော က လင်ဒီလောဖ့်/မာတီနက်ဇ် နဲ့ တွဲပြီး ၃ယောက်တန်း ကစားခဲ့ပါတယ်။ ကတ်စမဲရိုး က ဗဟိုကွင်းလယ် ကို နေရာယူပြီး အဲရခ်ဆင်၊ဘရူနို၊ဒါးလော့၊အန်တိုနီ၊မာစီရယ်၊ရရှ်ဖိုဒ့် တို့က တိုက်စစ် မှာ (၆)နေရာ ယူခဲ့တဲ့နောက် အဲဗာတန် ခံစစ်ဇုံ မှာ လွတ်ကွက်တွေရယူနိုင်ပြီး စိတ်တိုင်းကျ ထိုးဖောက်မွှေနှောက်နိုင်ခဲ့ပါတယ်။

မာစီရယ် ကို အနောက်ဆင်းကာ ဘောလုံးလက်ခံစေတဲ့ အချိန်တွေမှာ ဘရူနို ကို F9 အဖြစ် ကစားလေ့ရှိပြီး အဲရခ်ဆင်၊ဒါးလော့ တို့ရဲ့ ပေးပို့မှုတွေက မကြာခဏ ပေါ်တူဂီသားအတွက် ပြေးလမ်းကြောင်း ရရှိစေခဲ့ပါတယ်။ ဒါးလော့ က ယခင်ပွဲတွေနဲ့မတူပဲ ခံစစ် ထက် တိုက်စစ် ကို ပိုမိုအာရုံစိုက်ခွင့်ရခဲ့ပြီး သူ့ရဲ့ အကောင်းဆုံး ပုံစံကို ချပြနိုင်ခဲ့သလို မလာစီယာ အစားပြန်လည်ဝင်ကစားခဲ့တဲ့ ရှော ကလည်း သူပိုင်နိုင်တဲ့ ခံစစ် ကစားဟန် ကို အကောင်းဆုံး ပုံဖော်နိုင်ခဲ့ပါတယ်။ အဲရခ်ဆင် အတွက် လည်း ကတ်စမဲရိုး ရဲ့ ပေးပို့နိုင်စွမ်းမြင့်မားမှုက ပွဲအတွင်းအလုပ်ရှုတ်သက်သာစေပြီး ဘရူနို ရဲ့ ပါဝါမြင့်ထောက်ပံ့ထားမှုက ဒိန်းမတ်သားကို များစွာ သက်သာစေခဲ့ပါတယ်။ဒီနည်းဗျူဟာ မှာ တိုက်စစ်မှုး ရဲ့ ပါဝင်မှုက ရာနှုန်းနည်းသလို ဖန်တီးမှုအားကောင်းလေ ဂိုးရနိုင်ချေများလေ ဖြစ်တာကြောင့် ခံစစ်-ကွင်းလယ် အချိတ်ဆက် နဲ့ ခံစစ်-တိုက်စစ် အကူးအပြောင်းတွေ ပိုပြီးချောမွေ့လာခဲ့ရင် တန်ဟဂ် အလိုရှိတဲ့ နည်းစနစ်ကို ပိုမိုရှင်းလင်းစွာ မြင်တွေ့ရဖွယ်ရှိပါတယ်။