ယခုအပတ် ပြန်လည်စတင်မယ့် ပရီးမီးယားလိဂ်နှင့် ထပ်မံရွှေ့ဆိုင်းရမယ့် ပွဲစဉ်(၃)ပွဲ

Posted on

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ၂ အတွက် ဂါရဝထားသောအားဖြင့် သောကြာနေ့နဲ့ တနင်္ဂနွေနေ့ကြား အင်္ဂလန်က ဘောလုံးပွဲအားလုံးကို ဘောလုံးအစည်းအရုံး အက်ဖ်အေက ဆိုင်းငံ့ထားခဲ့ပါတယ်။ပရီးမီးယားလိဂ်၊ အင်္ဂလိပ်ဘောလုံးလိဂ် အီးအက်ဖ်အယ်လ်၊ အမျိုးသမီးစူပါလိဂ်နဲ့ အောက်ခြေအဆင့်များအပါအဝင် သောကြာနေ့မှ တနင်္ဂနွေနေ့ကြား ဘောလုံးပွဲစဉ်ဇယားအားလုံးကို ရပ်ဆိုင်းထားဖို့ အင်္ဂလိပ်ဘောလုံးအာဏာပိုင်များက အမိန့်ထုတ်ညွှန်ကြားခဲ့ပါတယ်။

ဒီလိုညွှန်ကြားတဲ့ အက်ဖ်အေရဲ့ဆုံးဖြတ်ချက်က ဝေဖန်မှုများစွာခံခဲ့ရပြီး ဘောလုံးပွဲတွေကိုဆိုင်းငံ့ပြီး ဂါရဝပြုမယ့်အစား အစီအစဉ်အတိုင်း ဆက်လက်ကျင်းပပြီး ဘောလုံးပွဲတွေအတွင်း ပရိသတ်တွေက ဂါရဝပြုတဲ့အစီအစဉ်တွေထည့်သွင်းတာကမှ ပိုပြီး ဂါရဝထားရာရောက်ဦးမယ်လို့ အများစုက ယုံကြည်ခဲ့ကြပါတယ်။ ပရိုလိဂ်တွေသာမက အောက်ခြေအဆင့်၊ အပျော်တမ်းအဆင့်တွေအထိပါ ဆိုင်းငံ့တာကတော့ မလိုအပ်တဲ့လုပ်ရပ်လို့ ပြစ်တင်ခံခဲ့ရပါတယ်။

ဘုရင်မကြီးရဲ့နာရေးလွမ်းဆွေးကာလ ၁၀ ရက်တာကြောင့် အင်္ဂလန်မှာ ဘောလုံးပွဲတွေ ဘယ်တော့ပြန်စမလဲဆိုတာ မရှင်းလင်းခဲ့ပါဘူး။အခုတော့ FA က လာမယ့် Weekend မှာ ဘောလုံးပွဲတွေကို ပုံမှန်အတိုင်း ပြန်လည် စတင်တော့မယ်လို့ အတည်ပြုပေးသွားခဲ့ပါပြီ။ ဒါပေမယ့်လည်း ပွဲကောင်း ၃ပွဲကိုတော့ ထပ်မံရွှေ့ဆိုင်းဦးမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားကြမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ လိဒ်ယူနိုက်တက်တို့ရဲ့ ပွဲစဉ် ၊ ချယ်လ်ဆီးနဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်တွေကို ပွဲကျင်းပဖို့ မလွယ်ကူတာကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။

ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က မန်ချက်စတာ ယူနိုက်တက်နဲ့ လိဒ်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ကို ရဲတပ်ဖွဲ့အင်အား မလုံလောက်မှုကြောင့် ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပြီး ချယ်လ်ဆီးနဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်ကိုတော့ လန်ဒန်မြို့မှာ နတ်ရွာစံသွားတဲ့ ဘုရင်မကြီး အဲလိဇဘက်-၂ရဲ့ ဈာပန အခမ်းအနား ကျင်းပဖို့ ရှိနေတာကြောင့် ရွှေ့ဆိုင်းခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် အဖွဲ့ချုပ်က နောက်ထပ် ၁ပွဲ ဖြစ်တဲ့ ဘရိုက်တန်နဲ့ ခရစ္စတယ် ပဲလေ့စ်တို့ရဲ့ ပွဲကိုလည်း ရွှေ့ဆိုင်းထားတာကြောင့် ဒီတပတ်မှာ ရွှေ့ဆိုင်းပွဲ ၃ပွဲ အထိ ရှိသွားခဲ့ပြီး ကျန်ပွဲတွေကိုတော့ စီစဉ်ထားတဲ့ အတိုင်း ဆက်လက် ကျင်းပဖို့ ရှိနေပါတယ်။