အသင်းပြောင်းဖို့ 99% သေချာသွားပြီဖြစ်တဲ့ ယူနိုက်တက်တိုက်စစ်မှုး ရော်နယ်ဒို

Posted on

မန်ချက်စတာယူနိုက်တက် ဝါရင့်တိုက်စစ်မှူးကြီး ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ငယ်ဘဝကလပ် စပို့တင်းလစ္စဘွန်းကို ပြန်လည်ရောက်ရှိဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ဒီနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ကြိုးစားနေတဲ့ စူပါစတားဟာ ချန်ပီယံလိဂ်ကစားရမယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့ချင်နေတာဖြစ်ပြီး ၃၇ နှစ်အရွယ် ဝါရင့်ကစားသမားရဲ့ ကောလဟာလတွေကတော့ အမျိုးမျိုးထွက်ပေါ်လျက်ရှိပါတယ်။ ဒါပေမယ့် ယူနိုက်တက်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ခုကတော့ ရော်နယ်ဒိုဟာ ငယ်ဘဝကလပ်ဆီ ပြန်ပြောင်းရွှေ့တော့မယ်လို့ ပြောခဲ့ပါတယ်။

CaughtOffside ကလည်း သူတို့တွစ်တာမှာ ကြာသပတေးနေ့က “ခရစ္စတီယာနိုရော်နယ်ဒိုက စပို့တင်းလစ္စဘွန်းကို ရောက်ဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိနေပါပြီ။ မနက်ဖြန်မှာ နှစ်သင်းကြားဆွေးနွေးမှု ပြုလုပ်ဖို့ရှိနေပြီး ၉၉% ပြီးမြောက်နေပါပြီ။ ဂျော့မန်းဒက်စ်ကလည်း အဖြေတစ်ခုကို ရှာဖွေဖို့ အမြန်ဆုံးလုပ်နေပြီး။ စပို့တင်းကလည်း ရော်နယ်ဒိုကို ကြိုဆိုဖို့ပြင်ဆင်ထားပါတယ်”ဆိုပြီး တင်ခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ကိစ္စက အသင်းရဲ့စည်းလုံးမှုကို ထိခိုက်ကစေပြီး နည်းပြအဲရစ်တန်ဟတ် အနေနဲ့လည်း ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကိုခေါ်ယူချင်တဲ့ အသင်းရှာမတွေ့ခဲ့ပဲ ချဲလ်ဆီး ၊ ဘိုင်ယန်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ကလည်း ခေါ်ယူဖို့ လက်လျှော့သွားခဲ့ကြပါတယ်။

စပို့တင်းက ပြီးခဲ့တဲ့ရာသီမှာ ပေါ်တူဂီလိဂ်မှာ အဆင့် ၂ ရရှိခဲ့ပြီး ချန်ပီယ့လိဂ်ဝင်ခွင့်ရထားသလို အုပ်စုတွင်းမှာလည်း တော့တင်ဟမ်၊ ဖရန့်ဖတ်၊ မာဆေးလ်တို့နဲ့ ကျနေတာကြောင့် ခြေညီတဲ့အသင်းတွေဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ အဲ့ဒါက ချန်ပီယံလိဂ်ကစားလိုတဲ့ ရော်နယ်ဒိုအနေနဲ့ စပို့တင်းကို ပြောင်းသင့်တဲ့ အခြေအနေတချို့လည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်ရဲ့ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်တွေကို လွဲချော်ခဲ့ပြီး ဒီရာသီဒုတိယမြောက် ပွဲစဉ်ဖြစ်တဲ့ ဘရန်ဖို့ဒ်နဲ့ ပွဲစဉ်မှာ ပွဲထွက် လူစာရင်းထဲ ပြန်ပါခဲ့ပေမယ့် အသင်းက ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနှိမ့်ခဲ့ပါတယ်။ လီဗာပူးနဲ့ပွဲမှာတော့ ပွဲထွက်လူစာရင်းထဲကနေ ချန်လှပ်ခံခဲ့ရပြီး ပွဲချိန်နောက်ဆုံး ၄ မိနစ်ကျမှ လူစားလဲခဲ့ပြီး ယူနိုက်တက်က ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုမပါပဲနဲ့ ယူနိုက်တက် လီဗာပူးကို အနိုင် ရရှိခဲ့တာကြောင့် ရော်နယ်ဒိုရဲ့အနာဂတ်က ယူနိုက်တက်မှာ ဆက်ရှိဖို့ မသေချာတော့ပါဘူး။