ရော်နယ်ဒို နေရာကို ဆက်ခံနိုင်ချေရှိတဲ့ ထိပ်သီးတိုက်စစ်မှုး(၃)ဦး

Posted on

မန်ယူနိုက်တဒ် အသင်းနဲ့ ရော်နယ်ဒို ရဲ့ တခန်းရပ်ပြဇာတ်ဟာ မကြာခင်မှာအဆုံးသတ်ဖွယ်ရှိနေပြီး တန်ဟဂ် အနေနဲ့ တိုက်စစ်ကိုအင်အားဖြည့်တင်းရန်အတွက် ဒေါင်ဒေါင်မြည်တိုက်စစ်မှုး တစ်ဦးကို ခေါ်ယူဖွယ်ရှိပါတယ်။ အန်တိုနီမာစီရယ် က အဲရခ်တန်ဟဂ် ရဲ့ ပထမဦးစားပေးကစားသမားဖြစ်ပေမယ့် ဒဏ်ရာအနာတရများလွန်းခြင်းက ကစားသမားအပေါ် ယုံကြည်မှုကျဆင်းစေပြီး ကာလရှည်ကြာ ကစားရမယ့် ပွဲစဉ်တွေအတွက် ပြင်သစ်သားဟာ အားကိုးရမယ့် ကစားသမားမဟုတ်ကြောင်း ပထမရာသီမှာတင် တန်ဟဂ် သိရှိပြီး ဖြစ်ပါတယ်။ဒါကြောင့်လည်း တိုက်စစ်မှုးတစ်ဦးထပ်မံခေါ်ယူရန် တန်ဟဂ် က ကြိုးစားနေတာဖြစ်ပြီး လာမယ့်နွေမှာ ရော်နယ်ဒို နေရာကိုဆက်ခံမယ့် ထိပ်သီးတိုက်စစ်မှုး တစ်ဦး အိုးထရဒ့်ဖိုဒ့် ကို ရောက်ရှိလာဖွယ် ရှိပါတယ်။

ဟယ်ရီကိန်း

ကိန်း နဲ့ တော့တင်ဟမ် ကြားက ဇာတ်လမ်းကမပြီးဆုံးနိုင်သောပုံပြင်တစ်ပုဒ်လို ရှည်လျားနေပေမယ့် အင်္ဂလန်သားဟာ လန်ဒန်ကို ညည်းငွေ့နေကြောင်း မကြာခဏထုတ်ဖော်တတ်သူလည်း ဖြစ်ပါတယ်။ကိန်း က တန်ဟဂ် အလိုရှိတဲ့ All Round Multi-Function Stricker အမျိုးအစားဖြစ်ပြီး High Press လုပ်နိုင်သလို ဖိအားဒဏ်လည်း ခံနိုင်သူ ဖြစ်တာကြောင့် အသင့်သုံး ကစားသမားဖြစ်လာနိုင်ပါတယ်။ သို့သော်လည်း စပါးဥက္ကဌလီဗိုင်း က ညှိနှိုင်းရခက်သူ ဖြစ်ပြီး မြင့်မားတဲ့ပြောင်းရွှေ့ကြေးကိုသာ တောင်းဆိုမှာဖြစ်လို့ စောင့်ကြည့်ရပါမယ်။

အိုင်ဗန်တိုနေး

ဘရန်းဖိုဒ့်တိုက်စစ်မှုးက ပျားတို့ရဲ့ဒရော့ဘာ လို့ တင်စားခံထားရပြီး လက်ရှိရာသီမှာလည်း သူ့ရဲ့သွင်းဂိုးတွေနဲ့ပဲ ပျားတွေရှေ့ဆက်နေရတာဖြစ်ပါတယ်။ချန်ပီယံရှစ်မှာထဲက ပရီးမီးယားလိဂ်ထိပ်သီးတွေမျက်စိကျခဲ့ကြပေမယ့် လိဂ်အတွေ့ကြုံရစေဖို့ ဘရန်းဖိုဒ့်မှာသာ စောင့်ကြည့်နေရင်း နှစ်ရာသီဆက် ခြေစွာလာချိန်မှာတော့ တိုနေး ကို အလိုရှိတဲ့အသင်းတွေ မြင့်တက်လာပါတယ်။ချဲလ်ဆီး၊အာဆင်နယ်၊စပါး တို့ကလည်းအလိုရှိနေကြပြီး ဥရောပပြင်ပမှာလည်း စောင့်ကြည့်နေသူတွေ ရှိလို့ တိုနေး ဟာ လာမယ့်နွေရဲ့ နှင်းဆီခိုင် ဖြစ်လာနိုင်ပါတယ်။

ဂျိုအာဖီးလစ်

အေတီကို တိုက်စစ်မှုး ရဲ့ အနာဂတ်က မရေရာမှုတွေပြည့်နှက်နေချိန် လာလီဂါထိပ်သီးတွေ ထံ မရောင်းချလိုတဲ့ အေတီကို ရဲ့ ဆန္ဒကြောင့် ပရီးမီးယားလိဂ်ကလပ်တွေနဲ့အတူ ဘိုင်ယန်၊PSG တို့က ပေါ်တူဂီ သားရဲ့ လက်မှတ်ကိုရဖို့စတင်ကြိုးစားနေပါတယ်။ ဖီးလစ် နဲ့ ဆီမြွန်နီကြားမှာ အက်ကွဲကြောင်းပိုမိုကြီးမားလာသလို နည်းစနစ်ပိုင်းအမြင်ကွဲလွဲမှု က ဖီးလစ် ကို မက်ဒရစ် ကနေ ထွက်ခွာဖို့ တွန်းအားပေးနေတဲ့အချက်ပဲဖြစ်ပါတယ်။တန်ဟဂ် က ဖီးလစ် အတွက် အသင့်တော်ဆုံးနည်းစနစ်နဲ့ကစားကွက်ကို ပိုင်ဆိုင်ထားသူဖြစ်တယ်လို့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ် နဲ့ နီးစပ်သူတွေက ဆိုခဲ့ဖူးပါတယ်။