စာချုပ်သက်တမ်း ပြည့်တော့မယ့် ကစားသမားတွေကို ပြင်းပြင်းထန်ထန်သတိပေးလိုက်တဲ့ တန်ဟဂ်

Posted on

မန်ယူနိုက်တဒ် အသင်းရဲ့ ယခုတစ်ပတ်ကြားရက်မှာ ယှဉ်ပြိုင်ကစားရမယ့် ယူရိုပါလိဂ်ပွဲ အတွက် ရာနှုန်းပြည့်ပေးဆပ်ကစားကြရန် နှင့် စာချုပ်ပြည့်တော့မယ့် ကစားသမားတွေအနေနဲ့ လစာမြင့်မားတဲ့စာချုပ်သစ်တွေကို မမျှော်လင့်ကြဖို့ တန်ဟဂ် က သတိပေးလိုက်တယ်လို့ သိရပါတယ်။

မန်စီးတီး ကို အရေးနိမ့်ခဲ့တဲ့ ပွဲမှာ ကစားသမားတွေရဲ့ စိတ်အားထက်သန်မှုနည်းပါးခြင်းကို တန်ဟဂ် က အပြစ်တင်ခဲ့ပြီး လေ့ကျင့်ခန်း မှာ ပြသခဲ့တဲ့ ကစားပုံကောင်း ကို ကွင်းတွင်းမှာ ပြသနိုင်ခြင်း မရှိတဲ့အပေါ် တစ်ဦးချင်းမေးခွန်း ထုတ်ကာ ဖြေဆိုစေခဲ့တယ်လို့ Telegraph သတင်းစာကြီးကဖော်ပြခဲ့ပါတယ်။ ထပ်မံထွက်ပေါ်လာတဲ့သတင်းတွေအရ တန်ဟဂ် ဟာ လာမယ့် Omonion နဲ့ Everton အသင်းတို့ ပွဲတွေမှာ အသင်းအပေါ်လေးစားသမှု နဲ့ ကစားဖို့လည်း သတိပေးထားတယ်လို့ သိရပါတယ်။

တန်ဟဂ် အနေနဲ့ လာမယ့်နွေမှာ စာချုပ်ပြည့်တော့မယ့် ကစားသမားတွေ ဖြစ်တဲ့ ဒဟေးယား၊ရှော၊ဒါးလော့၊ရရှ်ဖိုဒ့် တို့ကို စာချုပ်သစ် ချုပ်ဆိုခြင်းအတွက် ဆွေးနွေးမှုတွေ မပြုလုပ်စေဖို့ အသင်းထံ တားဆီးပိတ်ပင်ထားပြီး လာမယ့် ပွဲတွေ မှာ ခြေစွမ်းမပြနိုင်ရင် စာချုပ်သစ်အတွက် မျှော်လင့်ချက်မရှိကြောင်း အသိပေးထားတယ်လို့ သိရပါတယ်။ယူနိုက်တဒ် ဘုတ်အဖွဲ့ဟာ ယခင်က နည်းပြရဲ့သဘောတူညီမှုမရပဲ ကစားသမားတွေကို စာချုပ်သစ် ချုပ်ဆိုလေ့ရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ တန်ဟဂ် ကို လုပ်ပိုင်ခွင့်အပြည့်အဝပေးအပ်ထားတာကြောင့် နည်းပြရဲ့ ခွင့်ပြုချက်နဲ့သာ စာချုပ်သစ်အတွက် ပြောဆိုဆွေးနွေးမယ်လို့ သိရပါတယ်။

တန်ဟဂ် အနေနဲ့ လာမယ့်ရာသီမှာ ဒဟေးယား ကို အစားထိုးလိုနေပြီး ခြေစွမ်းမပြနိုင်တဲ့ ကစားသမားတချို့ကိုလည်းရှင်းထုတ်လိုနေပါတယ်။အသင်းအနေနဲ့ကတော့ ဒါးလော့၊ရရှ်ဖိုဒ့် တို့လို ဈေးကွက်အတွင်းတောင်းဆိုမှုများတဲ့ ကစားသမားတွေကို အလွယ်တကူလက်လွှတ်ရခြင်း မရှိအောင် စာချုပ်ပါ သက်တမ်းတိုးခွင့်ကို အသုံးပြုကာ တစ်နှစ်သက်တမ်းတိုးထားတယ်လို့ သတင်းတချို့ထွက်ပေါ်နေပေမယ့် လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ တန်ဟဂ် က စာချုပ်သစ်နဲ့ပက်သက်လို့ အရာရာကို ပိတ်ဆို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ လာမယ့် ကမ္ဘာ့ဖလားမတိုင်ခင်အထိ ပွဲတွေဟာ ရှိရင်းစွဲ ကစားသမားတွေ အတွက် အသင်းမှာဆက်ရှိနေနိုင်ဖို့ အခွင့်အရေး ဖြစ်လာမှာဖြစ်ပြီး မဖမ်းစုပ်နိုင်တဲ့ ကစားသမားကတော့ လွင့်စင်သွားမှာပဲ ဖြစ်ပါတယ်။