ဖရန်ကီဒီဂျောင်အတွက် မန်ယူနိုက်တက်ကို သတင်းကောင်းပေးလိုက်တဲ့ ဘာစီလိုနာ

Posted on

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့နာမည်ကျော်ကွင်းလယ်လူ ဖရန်ကီဒီဂျောင် ကို လာမယ့် ဆောင်းဈေးကွက်အတွင်း ရောင်းချသွားမှာ ဖြစ်တယ်လို့ စပိန်သတင်းစာကြီး မွန်ဒိုဒီပို့တီပို က ဖော်ပြလာပါတယ်။ ပြီးခဲ့တဲ့ နွေမှာ အပြောင်းရွှေ့ပျက်ပြယ်ခဲ့ရပေမယ့် ဘာစီလိုနာဥက္ကဌ လာပေါ်တာ နဲ့ ဒီဂျောင် ရဲ့ ရှေ့နေ အလ်လီဒူရဆမ် တို့ကြားမှာ ကြီးမားတဲ့ မကျေလည်မှုတွေ ရှိနေတာကြောင့် လာမယ့်ဈေးကွက်မှာ အပြောင်းရွှေ့ပြုလုပ်ရန် စီစဉ်နေတာပဲ ဖြစ်ပါတယ်။ဒီဂျောင် က လက်တလောမှာ ကာဒက်ဇ် အသင်း ကို အနိုင်ရခဲ့တဲ့ ပွဲရဲ့ MOTM ရခဲ့ပေမယ့် ဇာဗီ ကတော့ သူ့အသင်းမှာ အရံအဖြစ်သာ ဒချ်ကွင်းလယ်လူကို သတ်မှတ်ထားပါတယ်။

ဖရန်ကီ ဟာ ပြီးခဲ့တဲ့နွေဈေးကွက်မှာ ယူနိုက်တဒ်ထံပြောင်းရွှေ့ဖို့ ယူရို(၈၅)သန်းတန် အပြောင်းရွှေ့ ကို ပုဂ္ဂိုလ်ရေး သဘောတူညီမှုအလုံးစုံရရှိပြီး အတည်ပြုနိုင်ခဲ့ပေမယ့် လာပေါ်တာ ကြောင့် ပျက်ပြယ်ခဲ့တာပဲ ဖြစ်ပါတယ်။လာပေါိတာ က ကစားသမားကို ပေးချေရမယ့် ကြွေးကျန် ယူရို(၁၉)သန်းကို မပေးချေလိုတာကြောင့် အပြောင်းရွှေ့နောက်ဆုံးနေ့ထိ အချိန်ဆွဲခဲ့ပြီး အဆုံးသတ်မှာတော့ အပြောင်းရွှေ့ကပျက်ပြယ်ခဲ့တာပဲဖြစ်ပါတယ်။ဖရန်ကီဒီဂျောင် အနေနဲ့ လာမယ့် ကမ္ဘာ့ဖလားဝင်ကစားခွင့်ရရေးအတွက် ဘာစီလိုနာရဲ့စပိန်အတွဲဖက်ဖြစ်တဲ့ ပက်ဒရီ၊ဂါဗီ တို့နဲ့ရင်ဆိုင်နေရတာကြောင့်လည်း ပွဲထွက်ခွင့်ကပိုမိုခက်ခဲလာတာပဲဖြစ်ပါတယ်။

ဒီဂျောင် အနေနဲ့ လက်ရှိအချိန်မှာ ဘာစီလိုနာ အသင်းကမ်းလှမ်းတဲ့ လစာလျှော့ယူရမယ့် ကမ်းလှမ်းချက်ကိုပယ်ချထားပြီး ကြွေးကျန်ဖြေရှင်းဖို့သာတောင်းဆိုထားတာကြောင့် လာပေါ်တာ အနေနဲ့ အခက်ခဲတွေပြန်ကြုံနေရပါတယ်။အထူးသဖြင့် ဘာစီလိုနာ ဟာ ဒီဂျောင် ကို လစာနဲ့ အထူးအခွင့်အရေးတွေအဖြစ် ယခုရာသီကို ယူရိုသန်း(၄၀)ကျော် ပေးချေရမှာဖြစ်လို့ ဒီဂျောင် မထွက်ခွာလေ ပိုမိုကြပ်တည်းလေ ဖြစ်လာမယ့်ကလပ်ဟာ ဘာစီလိုနာ သာဖြစ်လာပါလိမ့်မယ်။

ဒီဂျောင် ကတော့ ယူနိုက်တဒ် နဲ့ သဘောတူညီမှုတွေအပေါ် လေးစားမှုရှိပြီး လာမယ့်ဆောင်းဈေးကွက်မှာ အပြောင်းရွှေ့ပြုလုပ်မယ်ဆိုရင် ဆရာဟောင်း အဲရခ်တန်ဟဂ် နဲ့သာ ပေါင်းဖက်နိုင်ဖို့ စီစဉ်ထားသလို ဘာစီလိုနာ အနေနဲ့လည်း မီတာတက်သလို လစာတွေမြင့်တက်လာမှာကြောင့် ဒီဂျောင်ကိုခပ်မြန်မြန် ရောင်းချသွားဖွယ်ရှိပါတယ်။