ဖာဂူဆန်ရဲ့ ဒေါသကြောင့် လွင့်စင်ခဲ့ရတဲ့ တိုက်စစ်မှုး (သို့) ဒီယေဂိုဖော်လန်

Posted on

ဖော်လန်က မန်ယူနိုက်တဒ် ကို ၂၀၀၂ မှာ ရောက်ခဲ့ပြီး ၂၀၀၄ မှာတော့ ဆာအဲလက်စ် နဲ့ ပြသနာ တချို့ကြောင့် စောလျှင်စွာပဲ လမ်းခွဲခဲ့ရတယ်။ဆာအဲလက်စ် ရဲ့ ကစားသမားတွေအပေါ် ရာနှုန်းပြည့် ထိန်းချုပ်မှုကို ဖော်လန်ပြသနာမှာ မြင်တွေ့ခဲ့ရပြီး သူ့ရဲ့အမိန့်ကိုလွန်ဆန်တဲ့ ဘယ်သူမဆို အသင်းမှာနေရာမရှိကြောင်းလည်း စကော့ဘိုးတော် က ပြင်းထန်တဲ့ သတိပေးချက် နဲ့ အသိပေးခဲ့ပါတယ်။ ဖာဂီ က ရာသီအစ မှာ ဘားတို ဖိနပ်အစား ဘားရှည်ပြောင်းစီးဖို့ ဒီယေဂို ကို သတိပေးခဲ့ပါသေးတယ်၊ အစောပိုင်း ပွဲတချို့မှာ ဥရုဂွေးသား က ဖာဂီ ရဲ့ စကားကို နားထောင်ခဲ့ပေမယ့် သူ့ရဲ့ ခြေစွမ်းကိုထိခိုက်လာတဲ့အတွက် ဘားတိုဖိနပ်ကို ပြောင်းလဲ ဝတ်ဆင်ခဲ့ပါတယ်။

ကံဆိုးစွာနဲ့ပဲ သူ့ရဲ့ ဘားတို ဖိနပ်ကို ပြောင်းလဲဝတ်ဆင်ခဲ့တဲ့ ပွဲဟာ ချဲလ်ဆီး ကို (၁-ဝ) နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲဖြစ်ပြီး ဂိုးအဖြစ်ပြောင်းလဲနိုင်မယ့် အခွင့်အရေးတချို့ ကို ဖော်လန် က ဖြုန်းတီး ခဲ့တဲ့နောက် အဝတ်လဲခန်းမှာ ဖာဂီ ရဲ့ ဆူညံပူညံ အသံတွေ ထွက် ပေါ် လာခဲ့ပါတော့တယ်။ဖာဂီ မတွေ့အောင် ဖိနပ်ခိုးလဲ ဖို့ ကြံခဲ့ပေမယ့် သူ့ထက်လျှင်တဲ့ နည်းပြကြီးက အဝတ်လဲခန်းထဲ ဒေါသူပုန်ထဝင်လာပြီး ဖိနပ် တွေ ကို ကောက်ယူကာ ပစ်ပေါက်ခဲ့တယ်လို့ ဒီယေဂို က ဖောက်သည်ချခဲ့ပါသေးတယ်။

ဖာဂီ က အဝတ်လဲခန်းထဲ အတော့်ကို ဒေါသထွက်နေပြီး ဒီယေဂို ကိုသာမက အသင်းရဲ့ ကာလရှည်ကြာ Kit man အဖြစ်လုပ်ကိုင်ခဲ့တဲ့ အလ်ဘတ် ကိုပါ အော်ဟစ်ဆူငေါက်နေလို့ ကျန် ရွိုင်ကိန်း လို ကစားသမား တောင် မှ ခေါင်းမဖော်ရဲခဲ့ဖူးလို့ ဥရုဂွေးသားက ပြန်လည်ပြောဆိုခဲ့ပါတယ်။ ဖော်လန် က ဒီပြသနာအလွန်မှာတော့ ယူနိုက်တဒ် နဲ့ ဝေးရာကို လွင့်စင်သွားခဲ့ပြီး သူ့ရဲ့ ဖြစ်တန်စွမ်း အတွက် အမြင့်ဆုံးအထိ တက်လှမ်းနိုင်ခဲ့ပါသေးတယ်။

လမ်းခွဲခြင်း တွေ ဟာ ပိုကောင်းမွန်တဲ့ အနာဂတ် ထံ သယ်ပိုးတတ်ကြောင်း ဖော်လန် က လာလီဂါ မှာ ဗီလာရီးရဲလ် နဲ့ အတူ (၂၅)ဂိုးသွင်းယူပြီး ပီချီချီ ဆုတံဆိပ်ရယူခဲ့သလို အေတီကို ကို ၂၀၀၇ မှာ ပြောင်းရွှေ့တော့လည်း (၃၂)ဂိုးနဲ့ ပီချီချီ ဆုကို ထပ်မံ ရရှိခဲ့ပြန်ပါသေးတယ်။ ဖော်လန် က အေတီကို အတွက် ၂၀၁၀ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဖူလ်ဟမ် အသင်းဖက်ကို အနိုင်ဂိုးသွင်းယူခဲ့ပြီး ဝမ်ဒါမက်ထရိုပိုလီတန်ယာနို မှာ ဂန္နဝင် အဖြစ် သူ့ရဲ့ မှတ်တမ်းကို ရေးထိုးနိုင်ခဲ့ပါသေးတယ်။နောက်ပိုင်းမှာတော့ အင်တာ ကိုပြောင်းရွှေ့ခဲ့ပြီး ဒီ့နောက်မှာတော့ ဘရာဇီးလ်၊ဂျပန် ကလပ်တွေကတဆင့် ၂၀၁၈ မှာ တော့ ဘောလုံးကစားခြင်းကနေ အနားယူသွားခဲ့ပါတယ်။

ဖော်လန် နဲ့ ပက်သက်ရင် သူ့ရဲ့ နာမည်ပြောင် “The Rocket” လို့ တင်စားကြပြီး ပြင်းထန်အားပါတဲ့ ဘယ်ခြေတစ်ချောင်း ဟာ ကွင်းရဲ့ နေရာစုံကနေ ဂိုးပေါက်ကို ခြိမ်းခြောက် နိုင်စွမ်းအပြည့်ရှိတဲ့ ကန်ချက်တွေ ပြုလုပ်နိုင်ပါတယ်။ကွင်း ရဲ့ နေရာစုံကနေ စိတ်ကြိုက်ကန်သွင်းချက် တွေ ချက် နဲ့ ပရိတ်သတ်ကိုဖမ်းစားခဲ့ပြီး ရွှေအိုရောင် ဆံနွယ်တွေဟာ အိုးထရဒ့်ဖိုဒ့် ကွင်းကြီး မှာ လိုရာမရောက်ခဲ့သည့်တိုင် ပရိတ်သတ်ရင်ထဲတော့ ရောက်ခဲ့တာ အမှန်ပါပဲ။

သူ့ရဲ့သွင်းဂိုးတွေသာ ဒီထက်ပိုမြင်ရရင် ဒါမှမဟုတ် သူသာ ဘားတိုဖိနပ်သာ ဝတ်ဆင်ခဲ့ရင် မေးခွန်းများစွာက ခေါင်းထဲပြည့်နှက်နေပေမယ့် ဒီယေဂို ဟာ အချိန်မှား ပြီး ဘူတာစိုက်ခဲ့တဲ့ ရထားတစ်စင်းလို့သာ ဆိုရပါလိမ့်မယ်။ မည်သို့ပင်ဆိုစေကာမူ ဒီဆံနွယ်တွေ ကြား ကခုန်ပျော်ရွှင်ခဲ့ဖူးတာပဲမဟုတ်လား …….