Deadline Day မှာ ဘာစီလိုနာကစားသမားနှစ်ဦးနဲ့ ယူနိုက်တဒ်ရဲ့ရင်ခုန်စရာ အပြောင်းရွှေ့

Posted on

ပရီးမီးယားလိဂ်ရဲ့ အပြောင်းရွှေ့ဈေးကွက်ဟာ မကြာခင်မှာ ပိတ်သိမ်းတော့မှာ ဖြစ်သလို မန်ယူနိုက်တဒ် ပရိတ်သတ်တွေကြားမှာလည်း ကစားသမား အဝင်/အထွက် နဲ့ ပက်သက်လို့ မျှော်လင့်ချက်တွေကြီးစိုးနေပါတယ်။

အထူးသဖြင့် လန်ဒန်ကိုရောက်ရှိနေတဲ့ ဘာစီလိုနာ အတွဲဖြစ်တဲ့ ဖရန်ကီဒီဂျောင် နဲ့ မန်းဖစ်ဒီပိုင်း တို့ဟာ ယူနိုက်တဒ် နဲ့ သတင်းတွေ ကျယ်လောင်စွာ ထွက်ပေါ်နေသလို အပြောင်းရွှေ့နောက်ဆုံးရက်မှာ အပြီးသတ်ရောက်ရှိလာနိုင်ချေ ရှိသေးတာကြောင့် ထင်ကြေးပေးခန့်မှန်းမှုတွေလည်း မြင့်တက်လျက်ရှိပါတယ်။အထူးသဖြင့် မန်းဖစ်ဒီပိုင်းကို ယူရို(၁၀)သန်းနဲ့ ခေါ်ယူပြီး ဖရန်ကီဒီဂျောင် ကို အငှားနဲ့ခေါ်ယူမယ်ဆိုတဲ့ သတင်းဟာ ဖြစ်နိုင်ချေရှိတဲ့တွက်ကိန်းတစ်ခု ဖြစ်လာတာကြောင့်လည်း ပရိတ်သတ်တွေက ပိုမိုမျှော်လင့်နေကြတာပဲဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီဂျောင် ကို ကြွေးကျန် ယူရို(၁၉)သန်းပေးချေရန်ကျန်ရှိနေပြီး ယူနိုက်တဒ် အနေနဲ့ မန်းဖစ်ဒီပိုင်းကို ယူရို(၁၀)သန်းနဲ့ခေါ်ယူခဲ့ရင် အဆိုပါငွေကြေးကို ဖရန်ကီထံပေးချေလိမ့်မယ်လို့ သတင်းတချို့ကဆိုပါတယ်။ ယူနိုက်တဒ် အနေနဲ့ ဖရန်ကီဒီဂျောင် ကို ခေါ်ယူရန် လုံလောက်တဲ့ ဘက်ဂျက်မရှိတော့ပေမယ့် အငှား+အပြီးသတ်ခေါ်ယူခွင့် နဲ့ ခေါ်ယူနိုင်စွမ်းတော့ရှိပါတယ်။

ဘာစီလိုနာ အနေနဲ့ လက်တလောမှာ ဖရန်ကီ ကို လစာလျှော့ချရန် ကမ်းလှမ်းမှုက အဆင်မပြေတာကြောင့် ဖောင်းပွနေတဲ့ လစာငွေကိုလျှော့ချနိုင်ရန် ဒီဂျောင် ကို လက်လွှတ်ရဖွယ်ရှိပြီး ယူနိုက်တဒ် ထံ အငှား+အပြီးသတ် နဲ့ စေလွှတ်လိုက်တာက လစာပြသနာ ကို တိုက်ရိုက်ဖြေရှင်းပြီးသားဖြစ်စေမှာပါ။

ဖရန်ကီဒီဂျောင် သာ ဘာစီလိုနာ မှာ ဆက်နေခဲ့ရင် ပေးချေရမယ့်လုပ်ခလစာ+ထပ်တိုးဆုကြေးတွေကြောင့် အတော်လေးအခက်ကြုံနိုင်ပြီး အဝတ်လဲခန်းမညီညွတ်မှုတွေပါကြုံတွေ့လာနိုင်ပါတယ်။

မန်းဖစ်ဒီပိုင်း နဲ့ ဒီဂျောင် ရဲ့ လန်ဒန် ခရီးစဉ် က ဗန်ဒီဘိခ့် ရဲ့ မင်္ဂလာဆောင် လို့ စပိန်မီဒီယာတွေက ဖော်ပြကြပေမယ့် လက်တွေ့မှာတော့ မင်္ဂလာဆောင် မရှိခဲ့သလို ဒချ့် နှစ်ဦးလုံးရဲ့ နားခိုရာနေရာဟာ ယူနိုက်တဒ် လန်ဒန်ရုံးချုပ်တည်ရှိရာ Mayfair မှာဖြစ်တာကြောင့် ပရိတ်သတ်တွေကြား မျှော်လင့်ချက်ကပိုပြီးရှင်သန်လာတာပဲဖြစ်ပါတယ်။အမှန်တကယ် အပြောင်းရွှေ့ဖြစ်မှာလားဆိုတာကတော့ ယနေ့ တိကျရှင်းလင်းစွာ သိရှိရမှာ ဖြစ်ပြီး Deadline day နဲ့အတူ ရင်ခုန်ရတော့မှာပဲ ဖြစ်ပါတယ်။