အသင်းသစ်ရသွားပြီဖြစ်တဲ့ သရဲနီတိုက်စစ်မှုးဟောင်း ကာဗာနီ

Posted on

ယခုနွေဈေးကွက်အတွင်းမှာပဲ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲထားတဲ့ ဝါရင့် ဥရုဂွေး တိုက်စစ်မှူးကြီး ကာဗာနီက စပိန် လာလီဂါ နာမည်ကြီးကလပ် ဗလင်စီယာဆီ ကာလတို စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ ကစားတော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။အသက် ၃၅နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ဝါရင့် တိုက်စစ်မှူးကြီး ကာဗာနီက အသက်အရွယ်အရ အကျပိုင်းကို ရောက်လာပေမယ့် သူ့ရဲ့ အဆုံးသတ်စွမ်းရည်ဟာ ထိပ်တန်းအဆင့်မှာ ရှိနေပါသေးတယ်။

ဒါကြောင့်ပဲ ဗလင်စီယာ အပါအဝင် ဥရောပ နာမည်ကြီးကလပ် တချို့နဲ့ တောင်အမေရိက ကလပ်တွေက ကာဗာနီကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြပြီး ကာဗာနီကတော့ သူ တခါမှ မကစားဖူးသေးတဲ့ စပိန်မြေဆီ ပြောင်းရွှေ့ပြီး ကစားချင်နေတာကြောင့် ဗလင်စီယာဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

ဗလင်စီယာရဲ့ နည်းပြဖြစ်သူ ဂတ်တူဆိုကလည်း သူတို့အသင်းဟာ ကာဗာနီကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားထားပါတယ်။ ဂတ်တူဆိုက “ကျွန်တော်ကတော့ ကာဗာနီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အကောင်းမြင်ထားပါတယ်။”

” ကျွန်တော်တို့က ကာဗာနီကို ခေါ်ယူဖို့ အလုပ်လုပ်နေတယ်။ စကားတွေ ပြောနေတယ်။ ဒါကြောင့် ကျွန်တော်တို့က ကာဗာနီကို ခေါ်ယူနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။ ပီတာလင်းကလည်း (ဗလင်စီယာပိုင်ရှင်) ကာဗာနီကို ခေါ်ယူနိုင်ဖို့ အတော်လေးကို ကြိုးစားနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပီတာလင်းကြောင့်ပဲ ကာဗာနီကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

အခုတော့ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဝါရင့် ဥရုဂွေး တိုက်စစ်မှူးကြီး ကာဗာနီတယောက် စပိန်လာလီဂါ နာမည်ကြီးကလပ် ဗလင်စီယာဆီ ပြောင်းရွှေ့ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိသွားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ သိရပါတယ်။ကာဗာနီက ဗလင်စီယာနဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူထားပြီး ကာဗာနီဟာ ယနေ့မှာပဲ ဗလင်စီယာနဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ မက်ဒရစ်မြို့ကနေ ဗလင်စီယာမြို့ဆီ သွားရောက်ရန် စီစဉ်ထားပါတယ်။