စတုတ္ထမြောက် ကစားသမားခေါ်ယူမှုကို နာရီပိုင်းအတွင်း တရားဝင်ကြေငြာနိုင်တော့မယ့် ယူနိုက်တဒ်

Posted on

မန်ယူနိုက်တက်အသင်းဟာ ဒီနွေအပြောင်းရွှေ့မှာ မာလာစီယာ၊မာတီနက်ဇ် နဲ့ အဲရစ်ဆင်တို့ (၃)ယောက်ကို ခေါ်ယူထားပြီး ဖြစ်သလို နောက်ထပ် ကွင်းလယ်ကြယ်ပွင့်တဦးကိုလည်း ထပ်မံခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

မန်ယူနိုက်တဒ် အသင်းဟာ ရီးရဲလ်ကွင်းလယ်လူ ကတ်စမဲရိုးအတွက် ယူရိုသန်း(၆၀)+ထပ်တိုးဆုကြေး ယူရို(၁၀)သန်း ကို သဘောတူညီမှုရရှိခဲ့ပြီး ယနေ့ တရားဝင်ကမ်းလှမ်းမှုကို ပေးပို့တော့မှာ ဖြစ်ပါတယ်။

ရီးရဲလ်အနေနဲ့ ကတ်စမဲရိုး ကို ရောင်းချရန်ရည်ရွယ်ထားခြင်းမရှိပေမယ့် ကစားသမားရဲ့ ဆန္ဒကို ဦးစားပေးတာကြောင့် ထွက်ခွာခွင့်ပြုရန် စီစဉ်ပေးခဲ့ပြီး ယူနိုက်တဒ် ရဲ့ ကမ်းလှမ်းမှုကို လက်ခံရန်အသင့်ရှိနေတယ်လို့ သိရပါတယ်။ယူနိုက်တဒ် အနေနဲ့ ကတ်စမဲရိုး ကို ယနေ့ ဆေးစစ်မှုခံယူစေလိုပြီး လာမယ့် တနင်္လာညမှာ ကစားမယ့် လီဗာပူးလ်နဲ့ပွဲအမှီ အသင်းလူစာရင်းမှာ ပါဝင်နိုင်ရေးအတွက် အလျှင်အမြန်ကြိုးပမ်းနေတာဖြစ်ပါတယ်။

ကတ်စမဲရိုး ဟာ ချိုအာမန်နီ ရောက်ရှိလာမှုနဲ့အတူ ကမ်မာဗင်ဂါ၊ဗလ်ဗာဒီ တို့ရဲ့ တောက်ပလာမှုတွေနဲ့ ရီးရဲလ် ရဲ့ ခေတ်သစ်မှာသူ့ရဲ့ အရေးပါမှု လျော့ကျလာတာကို သတိပြုမိတာကြောင့် ထွက်ခွာရန်ဆုံးဖြတ်ခဲ့ပြီး ဗာရန်း၊ရော်နယ်ဒို တို့ရဲ့ စည်းရုံးမှုနဲ့အတူ မန်ယူနိုက်တဒ် ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

ရီးရဲလ် မှာ တစ်နှစ်ကို လုပ်ခလစာ ယူရို(၁၀) သန်း ရရှိနေတဲ့ ဘရာဇီးလ်သားက မန်ချက်စတာမှာ နှစ်ဆနီးပါး ရရှိဖွယ်ရှိပြီး အခွန်မဆောင်မှီ ယူရိုသန်း(၂၀) အထိ ရရှိဖွယ်ရှိပါတယ်။ ယူနိုက်တဒ် ရဲ့ လေးနှစ်+တစ်နှစ်ထပ်တိုး စာချုပ်က ကတ်စမဲရိုး လို ကစားသမားဘဝ မှာ ပြီးပြည့်စုံတဲ့ အောင်မြင်မှုတွေ ရယူထားနိုင်ပြီးသား ကစားသမားအတွက် နောက်ဆုံးတစ်ကြိမ်ရရှိတဲ့ အမြင့်ဆုံး စာချုပ်လည်းဖြစ်တာကြောင့် လက်ရှိအချိန်မှာ အင်္ဂလန်ကို ပြောင်းရွှေ့ရေးက ငြင်းပယ်လို့မဖြစ်နိုင်တဲ့ ကမ်းလှမ်းမှုလို့ ကတ်စမဲရိုး က လက်ခံထားတာဖြစ်ကြောင်း သိရပါတယ်။

အဲရခ်တန်ဟဂ် က ဘရိုက်တန်၊ဘရန်းဖိုဒ့် နှစ်ပွဲအရေးနိမ့်ပြီးနောက် ကွင်းလယ်ကို အလျှင်အမြန် ပြင်ဆင်ရန် တောင်းဆိုခဲ့ပြီး ယူနိုက်တဒ် တာဝန်ရှိသူတွေက ရာဘီယော့ ကို ကနဦး ကမ်းလှမ်းခဲ့ပေမယ့်လည်း တောင်းဆိုမှုတွေများလွန်းတာကြောင့် ကတ်စမဲရိုး ကို ပြောင်းလဲချိတ်ဆက်ကာ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

အသက် (၃၀) သာ ရှိသေးတဲ့ ဘရာဇီးလ်ဟာ ချန်ပီယံလိဂ်(၅)လုံးအပြင် လက်ရှိ ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ်ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ရွိုင်ကိန်း အလွန် ယူနိုက်တဒ် ရဲ့ ပထမဆုံး DM အားဖြည့် ခေါ်ယူမှုလည်းဖြစ်လာပါလိမ့်မယ်။ကတ်စမဲရိုး ရဲ့ ခပ်ကြမ်းကြမ်းတုံပြန်မှုတွေအကြောင်း ပရိတ်သတ်တွေ ရင်းနှီးပြီးဖြစ်လို့ single pivot ထားကစားမယ့် တန်ဟဂ် ရဲ့ ကွင်းလယ်မှာ နောက်ဆုံးလိုနေတဲ့ ဂျစ်ဆောဟာ အချိန်မှီရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလည်းဆိုတာတော့…..