အမ်ဘာပေး အပြောင်းအရွှေ့အတွက် ရော်နယ်ဒိုအားကိုးနဲ့ ဝင်ရောက်လာတဲ့ ယူနိုက်တက်

Posted on

မန်ယူနိုက်တဒ်အသင်းဟာ PSG နဲ့ ပြသနာတွေ ကြီးကြီးမားမား တက်လာတဲ့ အမ်ဘာပေး အပြောင်းရွှေ့ထဲ ဝင်ရောက်လာခဲ့ပြီလို့ သတင်းတွေကဖော်ပြလာပါတယ်။ အမ်ဘာပေး ဟာ ပြင်သစ်ကလပ်နဲ့ အတော်လေးဆိုးရွားတဲ့ ဆက်ဆံရေး ဖြစ်နေပြီး လက်တလောမှာ ညှိနှိုင်းရန်ခက်ခဲနေတာကြောင့် ဇန်နဝါရီ မှာ ထွက်ခွာနိုင်ချေ က အမြင့်ဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။ ယမန်နေ့ညပိုင်းကတော့ ရိုမာနို ကိုယ်တိုင်က ဘာပေး ဟာ ပြင်သစ်ကနေ ထွက်ခွာဖို့ အတည်ပြုထားပြီး လက်ရှိအချိန်မှာ သူ့အနေနဲ့ ပဲရစ်ကလပ်နဲ့ ဆွေးနွေးမှုအားလုံးကို ရပ်တံ့ထားတယ်လို့ အတည်ပြုခဲ့ပါတယ်။

မန်ယူနိုက်တဒ် အနေနဲ့ စာချုပ်သက်တမ်းတိုးဖို့အဆင်အပြေဖြစ်နေတဲ့ ရရှ်ဖိုဒ့် နဲ့ ဒဏ်ရာမကြာခဏရရှိနေတာကြောင့် ရောင်းချလိုနေတဲ့ မာစီရယ် တို့နေရာမှာ အမ်ဘာပေး ကို အစားထိုးလိုတာ ဖြစ်ပါတယ်။ အမ်ဘာပေး ဟာ ရော်နယ်ဒို ကို ငယ်စဉ်ထဲက နှစ်သက်အားပေးခဲ့သူဖြစ်ပြီး သူ့ရဲ့ Idol ကစားသမားဘဝ အနားမယူခင်မှာ အတူတကွ တွဲကစားလိုကြောင်း ဖွင့်ဟပြောဆိုထားပါတယ်။ ရော်နယ်ဒို က လာမယ့်ရာသီမှာ အသင်းပြောင်းရွှေ့ဖွယ်ရှိပြီး အမ်ဘာပေး အနေနဲ့ သူ့ရဲ့ Idol ကြီးနဲ့အတူတကွ ကစားခွင့်ရဖို့ဆိုရင် လာမယ့်ဆောင်းဈေးကွက်မှာ PSG ကနေ ထွက်ခွာလိုတဲ့ သူ့အတွက် မန်ယူနိုက်တဒ် ကို ပြောင်းရွှေ့တာက အမှန်ကန်ဆုံး အပြောင်းရွှေ့ဖြစ်လိမ့်မယ်လို့ RMC Sport က ဖော်ပြလာပါတယ်။

အမ်ဘာပေး က PSGအသင်းနဲ့စာချုပ်သစ် ချုပ်ဆိုခဲ့သည့်တိုင် အသင်းနဲ့အဆင်မပြေမှုတွေ ကြုံတွေ့နေရပြီး မိသားစုရဲ့ပါဝင်စွပ်ဖက်မှု များလွန်းတဲ့ ပြသနာတွေက အသင်းနဲ့ကစားသမားကြားမှာ ပိုမိုရှုတ်ထွေးတဲ့အခြေအနေတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ သူဟာ တိုက်စစ်မှုးစစ်စစ်နေရာမျိုးထက် တောင်ပံမှာသာကစားလိုသလို PSG မှာ တောင်အမေရိကသားတွေနေရာရတာလည်း မကြိုက်နှစ်သက်ဘူးလို့ သတင်းတချို့ ထွက်ပေါ်ခဲ့ပါသေးတယ်။

မန်ယူနိုက်တဒ် နဲ့ အမ်ဘာပေး သတင်းတွေက ရောနယ်ဒို ကြောင့်သာမက PSG အသင်းကလည်း ယူနိုက်တဒ် တိုက်စစ်မှုးတွေဖြစ်ကြတဲ့ မာစီရယ် နဲ့ ရရှ်ဖိုဒ့် ကို ခေါ်ယူရန်လိုလားနေတာကြောင့် ပိုမိုကျယ်ပျံ့လာတာပဲ ဖြစ်ပါတယ်။တစ်ဖက်မှာတော့ ဘာပေး ရဲ့ အိမ်မက်ရှည်ခရီးသည်ကြီးဖြစ်တဲ့ မက်ဒရစ် ကလည်း စားရခါနီးမှပြုတ်ကျခဲ့ရတဲ့ ထမင်းထုပ်ကိုပြန်ကောက်စားဖို့ ကြံရွယ်နေလို့ ခြေနှစ်ချောင်းဈေးကွက်ကအတော်လေး လှုပ်ခတ်လာဖွယ်ရှိပါတယ်။