မန်ယူအသင်းရဲ့ရှုံးပွဲတွေမှာ ဂေါင်းကြီးနဲ့ ဂုတ်ကြီးတို့က အဓိက တရားခံတွေလား ?

Posted on

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာတော့ မန်ယူအသင်းဟာ ဆိုစီဒက်စ်အသင်းကို အိမ်ကွင်းမှာတင် ဝ-၁ နဲ့ အရှုံးပေးခဲ့ရတာကြာင့် ၎င်းတို့ရဲ့ လက်တလော နိုင်ပွဲဆက်နေမှု ရပ်တန့်ခဲ့ရပါတယ်။တန်ဟတ်ဂ်ဟာ ပရီးမီးယားလိဂ်မှာ တောက်လျှောက်နိုင်ပွဲဆက်နေတဲ့ ၎င်းရဲ့ လူစာရင်းကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး မက်ဂွိုင်းယား၊ ဖရတ် စတဲ့ ကစားသမားတွေအပြင် အီလန်ဂါနဲ့ ရိုနယ်ဒိုကိုပါ အဓိက ပွဲထွက်စာရင်းထဲ စတင် အသုံးပြုသွားခဲ့တာ တွေ့ရပါတယ်။

မန်ယူအသင်းဟာ ပွဲအစကတည်းက ပြိုင်ဘက်ကို ဖိအားပေး တိုက်စစ်ဆင်နိုင်ခဲ့သလို ဂိုးကန်သွင်းခွင့်တွေ အများအပြား ရရှိခဲ့ပေမယ့် ဆိုစီဒက်စ်နောက်တန်းကို ထိုးဖောက်နိုင်ဖို့ အခက်တွေ့နေခဲ့ရပြီး ရိုနယ်ဒိုရဲ့ ခေါင်းတိုက်ချက်ကလည်း လူကျွံဘောအဖြစ် သက်မှတ်ခံခဲ့ရတာကြောင့် အတော်လေး နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ မာတီနက်ဇ်၊ ဖာနန်ဒက်စ်တို့ကို ထပ်မံထည့်သွင်းကာ ကစားအားမြှင့်တင်ခဲ့ပေမယ့် ၅၉ မိနစ်မှာ မာတီနက်ဇ်ရဲ့ လက်ထိဘောကြောင့် ပင်နယ်တီ ပေးခဲ့ရပြီး အဆိုပါ ပင်နယ်တီကို မန်ဒက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့ပါတယ်။တစ်ဂိုးပေးလိုက်ရပြီးနောက် မန်ယူအသင်းက ပိုမို အားထည့် ကြိုးစားလာခဲ့ပေမယ့် ဆိုစီဒက်စ်နောက်တန်းပိုင်းက အမှားအယွင်းမရှိသလောက် ကစားနိုင်ခဲ့တာကြောင့် ယခုရလဒ်နဲ့သာ ပွဲကို အဆုံးသတ်ခဲ့ရပြီး ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်ကို အရှုံးနဲ့ စတင်ဖွင့်လှစ်လိုက်ရပြီ ဖြစ်ပါတယ်။

အဆိုပါပွဲအပြီးမှာတော့ ဒီရာသီမှာ ယူနိုက်တက်က နိုင်ပွဲ ၄ ပွဲရထားပြီးတော့ ရှုံးပွဲ ၃ ပွဲရှိသွားပါပြီ။ ယင်းရှုံးပွဲတွေမှာတော့ အဓိက တရားခံက အသင်းခေါင်းဆောင် ခေါင်းကြီးလို့ဆိုပြီး ဝေဖန်မှုတွေ မြင့်တက်တဲ့ အခြေနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။မက်ဂွိုင်းယားကတော့ ဒီရာသီမှာ ယူနိုက်တက်အတွက် ၃ ပွဲကစားပေးထားပြီး ၃ပွဲလုံးရှုံးထားကာ သူမပါဝင်တဲ့ ၄ ပွဲစလုံးကိုတော့ ယူနိုက်တက်က နိုင်ခဲ့ပါတယ်။ဒါကြောင့် မက်ဂွိုင်းယားအတွက် ဒီရာသီမှာ နိုင်ပွဲမတွေ့သေးပါဘူး။

နွေဈေးကွက် တစ်လျှောက် အသင်းပြောင်းမယ် တကဲကဲလုပ်နေတဲ့ ရော်နယ်ဒို ဟာလည်း သူ့ရဲ့ အသင်းပြောင်းမယ် အစီအစဉ်ကို ဖျက်သိမ်းပြီး ယူနိုက်တက် မှာ ဆက်ရှိခဲ့ပေမယ့် လက်ရှိအချိန်အထိ အသင်းအပေါ် အကျိုးပြုမှု နည်းပါးနေခဲ့ပါတယ်။

ကြိုးစားကစားပေးနေတာ မှန်ပေမယ့် စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့ ပုံစံကို တွေ့နေခဲ့ရပြီး အရံခုံမှာ အများစုထိုင်ရရင်း မနေ့ညက ပွဲမှာတော့ ဒီရာသီ ဒုတိယမြောက်အဖြစ် ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒို ဟာ ခုချိန်ထိ တစ်ဂိုးမှ မရသေးသလို  ဦးစားပေးပွဲထွက်ခဲ့တဲ့ နှစ်ပွဲစလုံး ရှုံးပွဲတွေ့ခဲ့ပါတယ်။