ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သူ သိသမျကို ထုတ်ဖော်ပြောလိုက်တဲ့ ဘရူနိုဖာနန်ဒက်စ်

Posted on

မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အသင်းဖော်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အနာဂတ်အစီအစဉ်တွေကို သိထားကြောင်းဝန်ခံခဲ့ပေမယ့် လူသိရှင်ကြားချပြဖို့ကိုတော့ ငြင်းဆန်သွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနှစ်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲခဲ့တဲ့နောက် ရော်နယ်ဒိုဟာ အိုးထရက်ဖို့ဒ်ကနေထွက်ခွါဖို့ နွေရာသီအစကတည်းက ကြိုးစားခဲ့တာပါ။

ရော်နယ်ဒိုကိုခေါ်ယူဖို့ အက်သလက်တီကိုမက်ဒရစ်၊ ဘိုင်ယန်မြူးနစ်နဲ့ ချယ်ဆီးတို့လိုအသင်းကြီးတွေက စိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ခေါ်ယူခဲ့ခြင်းမရှိပါဘူး။ အသက် ၃၇နှစ်အရွယ်ပေါ်တူဂီသားကြီးဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာအကြောင်းပြချက်နဲ့ အသင်းရဲ့ရာသီကြိုပြင်ဆင်မှုအားလုံးနီးပါးလွဲချော်ခဲ့ပြီး ဗယ်လက်ကာနိုနဲ့ပွဲမှာသာ ၄၅မိနစ်ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

ဒါ့အပြင်ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ် ၃ပွဲကစားပြီးချိန်မှာ ဘရန့်ဖို့ဒ်ကို ၄ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲမှာသာ ပွဲထွက်ခွင့်ရခဲ့ပြီး လီဗာပူးကိုနိုင်ခဲ့တဲ့ပွဲမှာဆိုရင် ခဏပဲလူစားဝင်ကစားခွင့်ရခဲ့တာပါ။

အဲ့ဒီနောက် ဘရူနိုက အင်တာဗျူးမှာ ရော်နယ်ဒိုရဲ့အနာဂတ်အစီအစဉ်အကြောင်း ထုတ်ပြောသွားခဲ့ပေမယ့် အသေးစိတ်ဖွင့်ဟဖို့တော့ အချိန်ကောင်းမဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ နိုင်ငံအသင်းဖော်တစ်ဦးလည်းဖြစ်တဲ့ ဝါရင့်တိုက်စစ်မှုး စီရော်နယ်ဒိုအနေဖြင့် သူ့အနာဂတ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချတဲ့ အခါမှာ ဘောလုံးအသိုင်းအဝန်း တစ်ခုလုံးက လေးစားမှု ရှိရှိနဲ့ နားလည်လက်ခံပေးဖို့လိုတဲ့ အကြောင်းကို တိုက်တွန်းပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဘရူနိုက ” ထင်ကြေးတွေပေးမှုတွေ  အများကြီးရှိပေမယ့် အဲဒါကို ပြောဖို့ ခရစ္စတီယာနိုထက် ပိုကောင်းတဲ့ တစ်ယောက်မှ မရှိပါဘူး။ ကျွန်တော် သိတာ တစ်ခု နှစ်ခု ရှိကောင်းရှိနိုင်ပေမယ့် ပြောရမယ့်သူတော့ မဟုတ်ပါဘူး။”

“ခရစ္စတီယာနိုက အေးဆေးတည်ငြိမ်နေပါတယ်။ သူ ဒီတစ်ပတ်မှာ ကောင်းကောင်းအလုပ်လုပ်ခဲ့ပြီး သူလုပ်နေတဲ့ အလုပ်တွေကို သူဆက်လုပ်သွားမှာပါ။ အခုချိန်မှာတော့ သူက ယူနိုက်တက်ကစားသမားပါ။ သူထွက်ခွာမလား၊ ထွက်ခွာမလားဆိုတာ ကျွန်တော်မသိပါဘူး။ ”

“ သူ ပြောခဲ့သလိုပါပဲ။ မကြာခင်မှာ သူပြောမယ့် စကားတွေကို  ကြားရပါလိမ့်မယ်။ ခရစ္စတီယာနိုအနေနဲ့ ဒီမှာ ဆက်နေဖို့ စိတ်မဝင်စားတော့ဘူးလို့ ကျနော်တို့ မထင်ပါဘူး။ သူဟာ မြင့်မားတဲ့အဆင့်မှာ ဆက်ရှိနေနိုင်ပြီး ကျွန်တော်တို့ကို ရည်မှန်းချက်တွေ အများကြီး ပေးစွမ်းနိုင်ပေမယ့် အနာဂတ်အတွက်ကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ်ပဲ မူတည်ပါတယ်။ သူ လုပ်ချင်တာ ဘာပဲလုပ်လုပ် အဲဒါကိုတော့ ကျနော်တို့ လေးစားရပါလိမ့်မယ်။”

“သူဆက်နေမယ်ဆိုရင်တော့ ကျွန်တော်တို့ ပျော်မှာပါ၊ သူ့အတွက်အကောင်းဆုံးလို့ထင်တဲ့နေရာကို သူထွက်သွားရင်လည်း ကျနော်တို့ လက်ခံရပါလိမ့်မယ်။ အရေးအကြီးဆုံးကချက်ကတော့ သူ အဆင်ပြေနေပြီး အမြင့်ဆုံး လယ်ဗယ်တခုမှာ ကစားနိုင်နေတုန်းပါဘဲ။ ပြီးတော့ သူဟာ ကျနော်တို့ နိုင်ငံရဲ့ဂုဏ်ကို ဆောင်နေတုန်းပါဘဲ။ ” ဟု ဆိုခဲ့ပါတယ်။