တော့တင်ဟမ် နဲ့ ပွဲမှာ ပြန်လည်ပါဝင်နိုင်မယ့် ကစားသမားများ

Posted on

မန်ယူနိုက်တဒ်အသင်းရဲ့ ကစားသမားတချို့ဟာ နာမကျန်းဖြစ်တာ၊ကြံခိုင်မှုမပြည့်ဝတာ နဲ့ ပွဲပယ်ပြစ်ဒဏ်တွေကြောင့် နယူးကာဆယ် နဲ့ ပွဲကို လွဲချော်ခဲ့ကြပြီး လာမယ့်ကြားရက်မှာ ကစားမယ့် တော့တင်ဟမ်ဟော့စပါး အသင်းနဲ့ ပွဲမှာတော့ ပြန်လည်ပါဝင်လာနိုင်မယ်လို့ သိရပါတယ်။

နယူးကာဆယ်အသင်းနဲ့ ပွဲမှာ ကွင်းလယ်လူ အဲရခ်ဆင်(ဖျား)၊တော်မနေး(ပွဲပယ်) နဲ့ တိုက်စစ်က မာစီရယ်(ကြံခိုင်မှုနည်း) တဲ့ ပြသနာတွေ ရင်ဆိုင်ခဲ့ရတာကြောင့် တန်ဟဂ် အနေနဲ့ အသုံးပြုနိုင်ခြင်းမရှိခဲ့တာပဲ ဖြစ်ပါတယ်။ လာမယ့် စပါးနဲ့ ပွဲမှာတော့ အဆိုပါကစားသမားတွေအပြင် မက်ဂွိုင်းယား လည်း လူစာရင်းမှာ ပြန်လည်ပါဝင်လာနိုင်ပြီး အရံခုံထိုင်ခဲ့ရတဲ့ ရရှ်ဖိုဒ့် ကို ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖွယ်ရှိပါတယ်။

ရရှ်ဖိုဒ့် ကို မိနစ်(၇၀)ကျော်မှ ရော်နယ်ဒို နဲ့ လူစားလဲခဲ့တာနဲ့ပက်သက်လို့ တန်ဟဂ် က “ကျွန်တော်တို့ ဆယ်ရက်အတွင်းလေးပွဲဆက်ကစားရမှာပါ။ကျွန်တော့်တိုက်စစ်ကစားသမားတွေကို ပွဲတိုင်းလန်းဆန်းနေစေဖို့အလိုရှိပါတယ်။ဒါကြောင့်လည်း လူလှည့်အသုံးပြုတာပါ။ရရှ်ဖိုဒ့် က ဒီပွဲကိုတစ်ပွဲလုံးကစားနိုင်လောက်တဲ့ ကြံခိုင်မှုမရှိပါဘူး ဒီအတွက်လည်း လူစားလဲအသုံးပြုခဲ့တာပါ”လို့ဆိုပါတယ်။ရော်နယ်ဒို အနေနဲ့ နယူးကာဆယ်နဲ့ ပွဲမှာ ပွဲအစထဲက ကစားခွင့်ရခဲ့ပေမယ့် အခွင့်ရေးတွေအသုံးချနိုင်ခြင်းမရှိသလို ကြံခိုင်မှုပိုကောင်းတဲ့ နယူးကာဆယ်နောက်ခံလူတွေကြား ပျောက်နေခဲ့တာကြောင့် မိနစ်(၇၀)ကျော်မှာ ရရှ်ဖိုဒ့် က လူစားလဲ ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။

ယူနိုက်တဒ် ရဲ့ ကွင်းလယ်ထိန်းချုပ်နိုင်မှု နဲ့ တန်ပို အတင်/အချ ဟာ အဲရခ်ဆင် မရှိချိန်မှာ သိသိသာသာဆိုးရွားခဲ့ပြီး ဖရဒ် ရဲ့ ဆိုးရွားလွန်းတဲ့ ကစားပုံက လာမယ့်ပွဲတွေအတွက် အချက်ပေးခေါင်းလောင်းသံဖြစ်နေပါလိမ့်မယ်။ အဲရခ်ဆင်၊တော်မနေး တို့ ပြန်လည်ပါဝင်နိုင်မှသာ ယူနိုက်တဒ် ရဲ့ ကွင်းလယ်ထိန်းချုပ်မှု နဲ့ လုပ်အားနှုန်း ကို သေချာမြင်တွေ့ရမှာ ဖြစ်ပြီး လာမယ့် ပွဲတွေမှာတော့ အဆိုပါကစားသမားတွေ ဒဏ်ရာမရစေဖို့ တန်ဟဂ်တစ်ယောက် အထူးဂရုပြုဖို့လိုပါလိမ့်မယ်။ တဆက်ထဲမှာပဲ အသင်ူခေါင်းဆောင် မက်ဂွိုင်းယား က ဒဏ်ရာကနေပြန်လည်သက်သာလာပြီဖြစ်တာကြောင့် မကြာခင်မှာ ပွဲထွက်လူစာရင်းထဲ ပြန်လည်ပါဝင်နိုင်တော့မယ်လို့ သိရပါတယ်။