ရော်နယ်ဒိုရဲ့ စံချိန်တင်အနိုင်ဂိုး နဲ့ ဂူဒီဆင်ပါ့ခ် မှာ မျက်နှာပန်းလှခဲ့တဲ့ နည်းပြကြီး တန်ဟဂ်

Posted on

မန်ယူနိုက်တဒ် အသင်းရဲ့ မာဆေးဆိုဒ်ကပွဲက အတော်လေးရုန်းကန်ခဲ့ရပြီး မလိုအပ်တဲ့ ကစားသမားအမှားတွေ က အသင်းရဲ့ တိုးတက်မှုကို ကြီးကြီးမားမားထိခိုက်စေမိမလို ဖြစ်ခဲ့ရပါတယ်။အဲရခ်တန်ဟဂ် က ဒီပွဲမှာပရိတ်သတ်အများစုလိုလားတဲ့ မာစီရယ်၊ရရှ်ဖိုဒ့်၊အန်တိုနီ အတွဲဖက်ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာလည်း အသင်းနဲ့အထိုင်ကျနေပြီဖြစ်တဲ့ ကတ်စမဲရိုး ကို အသုံးပြုကာ တိုက်စစ်ပိုမိုလိုက်ပါလိုတဲ့ ဘရူနို နဲ့ အဲရခ်ဆင် ကို နေရာလွတ်တွေရစေဖို့ အသုံးပြုခဲ့ပါတယ်။ဗာရန်း ပြန်လည်ပါဝင်နိုင်ခြင်းမရှိတဲ့အတွက် လင်ဒီလောဖ့်ကသာပါဝင်လာခဲ့ပြီး မလာစီယာ အစား ရှော ပြန်လည်ပွဲထွက်လာတာကလွဲရင် ယူနိုက်တဒ်ဟာ အင်ပြည့်အားပြည့် နဲ့ အကောင်းဆုံးအသင်းကို ပွဲထုတ်လာခဲ့ပါတယ်။

ယူနိုက်တဒ်ရဲ့နည်းပြအဆက်ဆက်မပြုပြင်နိုင်တဲ့ ပြသနာတစ်ရပ်ဖြစ်တဲ့ ပွဲအထလေးခြင်းကို တန်ဟဂ် လည်းမဖြေရှင်းနိုင်သေးပဲ ပွဲအစ(၅)မိနစ်မှာပဲ ကတ်စမဲရိုး အမှားကနေ အီဝိုဘီ က ဧရိယာထိပ်ကနေဝေ့ဝိုက်ကန်သွင်းကာ ဦးဆောင်ဂိုးရယူသွားပါတယ်။ပွဲအစမှာပဲ ဦးဆောင်ဂိုးပေးလိုက်ရလို့ ယူနိုက်တဒ်ကစားသမားတွေသွေးပူသွားတဲ့နောက် ပထမပိုင်းဟာ အဲရခ်တန်ဟဂ် ကိုင်တွယ်ထားတဲ့ ပွဲတွေအနက် အကောင်းဆုံး (၄၅) လို့ဆိုရလောက် ကောင်းမွန်ခဲ့ပါတယ်။ အထူးသဖြင့် အမှားကိုပြန်လည်ပြင်ဆင်လိုတဲ့ ကတ်စမဲရိုး ကြောင့် ကွင်းလယ်လုပ်အားတိုးတက်လာပြီး အဲရခ်ဆင် အတွက် ကစားကွက်ပိုင်းပိုမိုခြောင်လည်သွားစေခဲ့ပါတယ်။ညာတောင်ပံမှာကစားနေတဲ့ အန်တိုနီ-ဒါးလော့ အတွဲဖက်ရဲ့ အတိုးလှုပ်ကလည်း ဒီပွဲရဲ့ အဓိက အသက်သွေးကြောဖြစ်ခဲ့ပြီး မားကပ်စ်ရရှ်ဖိုဒ့် ကို ကိုးလ်မန်းလူကပ်တာ ကောင်းလွန်းလို့သာ ညာတောင်ပံကိုပဲ အားထားခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တဒ် ရဲ့ ပထမချေပဂိုးဟာ ကတ်စမဲရိုး ရဲ့ ဖျတ်တောက်မှု ကနေ ခြေရာခံခဲ့ပြီး မာစီရယ်-အန်တိုနီ အကွက်မြင်မှုကြောင့် ပရီးမီးယားလိဂ် အဖွင့် (၃)ပွဲဆက်ဂိုးသွင်းယူနိုင်သူအဖြစ် အန်တိုနီက သွင်းယူပေးခဲ့ပါတယ်။ ဒုတိယချေပဂိုးကိုတော့ လူစားဝင်ရောက်လာတဲ့ ရော်နယ်ဒို က သွင်းဂိုး(၇၀၀)ပြည့်အဖြစ် ကတ်စမဲရိုး မျှောချပေးတာကို ပြေးထွက်ကာ သွင်းယူခဲ့လို့ ပထမပိုင်းတင်အနိုင်ရလာဒ်ကိုပြန်လည်ရရှိခဲ့ပါတယ်။

ယူနိုက်တဒ် ရဲ့ ဒုတိယပိုင်း ကစားပုံက ပြသနာတချို့ရှိနေခဲ့ပြီး အထူးသဖြင့် ခံစစ်ကစားချိန်မှာ ပုံစံပျက်ယွင်းနေတာမျိုး မြင်တွေ့ခဲ့ရသလို တဖက်မှာလည်း ရရှ်ဖိုဒ့်ရဲ့ ကြိုးစားမှုအားနည်းတဲ့ပုံစံကြောင့် ဘယ်တောင်ပံ ဟယ လိုအပ်ချက်ရှိနေပြီး မာစီရယ်ဒဏ်ရာရနေချိန် လူအင်အားမလုံလောက်တာကို မြင်သာစေခဲ့ပါတယ်။အဆုံးသတ်မှာတော့ အဲဗာတန် ရဲ့ဖိအားပေးမှုတွေကြားကနေပဲ အနိုင်သုံးမှတ်ကို အိမ်ပြန်သယ်နိုင်ခဲ့ပြီး ရော်နယ်ဒို အတွက်လည်း ဂိုး(၇၀၀)ပြည့်ဟာ ကျဆင်းနေတဲ့ စိတ်ဓာတ်တွေတက်ကြွစေဖို့ အကောင်းဆုံး အားဆေးဖြစ်လာစေမှာပါ။