ဆာအဲလက်စ်အလွန် အကောင်းဆုံးခေါ်ယူမှု ဖြစ်ခဲ့တဲ့ ခရစ်တီယန်အဲရခ်ဆင်

Posted on

မန်ယူနိုက်တဒ် ရဲ့ ကွင်းလယ်လူ ခေါ်ယူရေး စီမံကိန်းက နည်းပြတစ်ယောက်ပြောင်းတိုင်း တစ်ခါပြောင်းနေတဲ့ စီမံ/ဘဏ္ဏာဝန်ကြီးဌာနနည်းတူ အမျိုးမျိုးအကြိမ်ကြိမ် ဘက်ဂျက်ကိုလှည့်သုံးနေတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။မိုရက်စ် လက်ထက်မှာ ဖယ်လိုင်နီ ၊ ဗန်ဂါးလ် လက်ထက်မှာ ရှနိုက်ဒါလင်း၊ဟာရဲရား၊စတိုင်ဂါ နဲ့ မော်ရင်ဟို လက်ထက်မှာ ဖရဒ်၊မာတချ်၊ပေါဂ့်ဘာ တို့ကို ခေါ်ယူခဲ့ပြီး ဆိုးလ်ရှားကတော့ ရှိရင်းစွဲ ကွင်းလယ်အတွဲဖြစ်တဲ့ မက်-ဖရဒ် ကိုသာ ပုံအော အသုံးပြုခဲ့ပါတယ်။

သို့သော်လည်း ယူနိုက်တဒ်ရဲ့ ပြီးခဲ့တဲ့ (၁၀)စုနှစ်တစ်ခုအတွင်း တည်ဆောက်ခဲ့သမျှ ကွင်းလယ်တွေဟာ အလုပ်မဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အဲရခ်တန်ဟဂ် ရဲ့ အလွတ်ခေါ်ယူမှုဖြစ်ခဲ့တဲ့ အဲရခ်ဆင် က မိုက်ကယ်ကာရစ် အလွန် အသင်းရဲ့ ကွပ်လပ်ကို ဖြည့်ဆည်းနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

အဲရခ်ဆင် ကို ယူနိုက်တဒ်ကိုင်တွယ်တဲ့နည်းပြတိုင်းက ခေါ်ယူဖို့ကြိုးစားခဲ့ကြပေမယ့် စပါးအသင်းရဲ့ ခေါင်းမာမှုတွေကြောင့် နောက်ဆုတ်ခဲ့ကြရပါတယ်။တန်ဟဂ် ကတော့ အိုင်းယက်စ် မှာ လေ့ကျင့်ခန်းဆင်းရင်း အနီးကပ်လေ့လာခဲ့ဖူးသူဖြစ်တာကြောင့် ပိုမိုရင်းနှီးတဲ့ဆက်ဆံရေးရှိတာကြောင့်လည်း ဒိန်းမတ်သားကို ဘရန်းဖိုဒ့် ကနေ ရအောင် ဆွဲထုတ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

အဲရခ်ဆင် ဟာ ကွင်းလယ်နေရာစုံ ဆော့ကစားနိုင်သူဖြစ်ပြီး သူ့ရဲ့ အဓိက အားသာချက်က ဘောလုံးဖြန့်ဝေတာ၊ အဝေး-အနီး နေရာမရွေးတိကျစွာပေးပို့နိုင်တာ နဲ့ ပြိုင်ဘက်ရဲ့လူကပ်ခြင်းမခံရအောင် deep lying playmaker အဖြစ် ကစားရင်း ကစားကွက်ပုံဖော်ဖန်တီးနိုင်တာပဲ ဖြစ်ပါတယ်။

အဲရခ်ဆင် က စပါးမှာ ညာတောင်ပံ/ကွင်းလယ်တိုက်စစ်ကို အဓိက ကစားခဲ့ပေမယ့် တန်ဟဂ် ကတော့ နံပတ်(၈) အဖြစ် box to box ကစားစေပါတယ်။သို့သော်လည်း အဖျတ်တာဝန်ကို မယူရပဲ တော်မနေး က နံပတ်(၆)အဖြစ် ကစားကာ ခံစစ်တာဝန်တွေယူပေးခဲ့ပြီး ဘရူနို က အဲရခ်ဆင်အစား high press လုပ်ပေးခဲ့တာကြောင့် ကစားကွက်တည်ဆောက်မှု တာဝန်အားလုံးဟာ ဒိန်းမတ်သားရဲ့ လက်ထဲကို ရောက်ရှိခဲ့ပါတယ်။

တန်ဟဂ် က ဒီနေရာမှာ ဖရန်ကီဒီဂျောင်ကို ချိန်ရွယ်ထားဟန် ရပြီး လက်တလောမှာတော့ ဒီဂျောင် ရောက်ရှိလာရင်တောင် အဲရခ်ဆင် ကို ကျော်ဖို့ အတော်လေး ကြိုးစားရပါလိမ့်မယ်။ပရီးမီးယားလိဂ် မှာ ဒီဂျောင် အနေနဲ့ တော်မနေး ရဲ့ နံပတ်(၆) နေရာကို ဝင်တိုးရန်မလွယ်ကူပဲ ကတ်စမဲရိုး ပါ ရှိနေလို့ ဒချ့် သား အနေနဲ့ အဲရခ်ဆင် ရဲ့ ကွင်းလယ်တည်ဆောက်သူ နေရာကိုသာ တိုက်ရိုက်ယှဉ်ပြိုင်ရဖွယ်ရှိပါတယ်။

အဲရခ်ဆင် ကြောင့် တော်မနေး က ဝန်ပေါ့သွားသလို ဘရူနို အတွက်လည်း ကစားရခြောင်လည် လာပြီး တာဝန်တွေ လျော့လာပါတယ်။ ယခင်က မက်ဖရဒ် နဲ့ ဘရူနို အတွဲ လို လိုအပ်တာထက်ပိုပြီးရုန်းကန်နေရတဲ့ ကွင်းလယ်အစား တစ်ယောက်ချင်းစီဟာ ကိုယ်ပိုင်တာဝန်အသီးသီး ကို ကျေပြွန်အောင် ဆောင်ရွက်နိုင်သူတွေ ဖြစ်သလို တဖက်မှာလည်း အသင်းလိုက်လှုပ်ရှားကစားနိုင်စွမ်း နဲ့ ချိတ်ဆက်မှု တွေရဲ့ ပင်မအသက်သွေးကြောဟာ အဲရခ်ဆင် ထံ က လာတာဖြစ်လို့ ယူနိုက်တဒ် ရဲ့ ကစားကွက်တည်ဆောက်မှု ဟာ ပြိုင်ဘက်ကို အချိန်မရွေး ဒုက္ခပေးနိုင်တဲ့အနေထားကို ပြန်လည်ရောက်ရှိလာပါတယ်။အဲရခ်ဆင် ရဲ့ တန်ပို အတင်/အချ နဲ့ တိကျစွာပေးပို့နိုင်စွမ်းတွေက အသင်းရဲ့ အသက်ဖြစ်လာတဲ့နောက် ကာရစ် နေရာကို အကောင်းဆုံအားဖြည့်တင်းမှုဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရခဲ့တာဖြစ်လို့ ယူနိုက်တဒ်ဟာ ဆာအဲလက်စ်ခေတ်အလွန် အကောင်းဆုံး ခေါ်ယူမှုကို ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။