ချန်လှပ်လို့မရတဲ့ ကစားသမား(၂)ဦးကြောင့် ချဲလ်ဆီးနဲ့ ပွဲမှာ အခက်ကြုံနိုင်တဲ့ တန်ဟဂ်

Posted on

မန်ယူနိုက်တဒ်အသင်းရဲ့ ပွဲကြပ်ကာလလို့ ဆိုနိုင်တဲ့ လက်ရှိအချိန်မှာ တန်ဟဂ် အနေနဲ့ လူစာရင်းချထားမှုကို ဂရုတစိုက်ကိုင်တွယ်နေပြီး ဒဏ်ရာ နဲ့ ပွဲပယ်ကြောင့် ကစားသမားအလေလွင့်မရှိစေရန် ကြိုးစားနေပါတယ်။နယူးကာဆယ် နဲ့ ပွဲမှာမလိုအပ်ပဲ စွန့်စားမှုတွေ မပြုလုပ်ခဲ့သလို ရရှ်ဖိုဒ့် ကို အနားပေးခဲ့တာ၊မာစီရယ် ကို အရံလူစာရင်းမှာတောင်မထည့်သွင်းခဲ့တာတွေက တန်ဟဂ် ရဲ့ စိုးရိမ်မှုကို မြင်သာစေပါတယ်။သို့သော်လည်း လာမယ့် စပါးနဲ့ပွဲမှာ တန်ဟဂ် အတွက် ချန်လှပ်လို့မရတဲ့ ကစားသမားနှစ်ဦးရှိနေပြီး အဆိုပါနှစ်ဦး သာ ထပ်မံအမှားပြုလုပ်ခဲ့ရင် လာမယ့် ချဲလ်ဆီး နဲ့ ပွဲကိုလွဲချော်ဖွယ်ရှိပါတယ်။

ယူနိုက်တဒ် ရဲ့ ယာယီကပ္ပတိန်အဖြစ်တာဝန်ယူထားတဲ့ ဘရူနို က အဝါကဒ်လေးကြိမ်ပြသခံထားရပြီး ဖြစ်လို့ မနက်ဖြန်ညကစားမယ့် တော့တင်ဟမ် နဲ့ ပွဲမှာသာ ထပ်မံပြသခံရရင် ချဲလ်ဆီး နဲ့ ပွဲကိုလွဲချော်တော့မှာ ဖြစ်ပါတယ်။ ဘရူနို က ယခုရာသီမှာ သွင်းဂိုးတွေ နိမ့်ကျနေပေမယ့် အခွင့်အရေးဖန်တီးမှု နဲ့ ဂိုးဖန်တီးမှုတွေ နိမ့်ကျသွားခြင်းမရှိပဲ သူ့ရဲ့ ဖန်တီးမှုတွေကို တိုက်စစ်မှုးတွေ အဆုံးမသတ်နိုင်တာကြောင့်သာ အခက်ကြုံနေရတာပဲ ဖြစ်ပါတယ်။

ဘရူနို က တစ်ပွဲကို ပျမ်းမျှ (၃.၄)ကြိမ်ဖန်တီးပေးနိုင်ပြီး တိုက်စစ်ကသာ အဆုံးသတ်စွမ်းရည်ကောင်းမွန်နေရင် ဘရူနိုရဲ့ဘေးမှာဂိုးဖန်တီးမှုအရေတွက် ဆယ်ဂဏန်းအထက်ရှိနေမှာပဲ ဖြစ်ပါတယ်။ဘရူနို နည်းတူ ပေါ်တူဂီလက်ရွေးစင် ဒီယေဂိုဒါးလော့ ကလည်း အဝါကဒ်လေးကြိမ်ပြည့်နေတာကြောင့် စပါးနဲ့ပွဲမှာ ထပ်မံပြစ်ဒဏ်ကျူးလွန်လို့ မရတဲ့ ကစားသမားဖြစ်နေပါတယ်။

ဘရူနို နေရာကို အဲရခ်ဆင် နဲ့ အစားထိုးနိုင်ရင်တောင် ဒါးလော့နေရာအတွက် အစားထိုးနိုင်တဲ့ ကစားသမားမရှိပဲ နောက်ထပ်ညာနောက်ခံလူတစ်ဦးဖြစ်တဲ့ ဘစ်ဆာကာ ကလည်း ဒဏ်ရာရနေလို့ တန်ဟဂ် အတွက်ပိုပြီးခေါင်းခဲဖွယ်ရှိပါတယ်။ဒါကြောင့် လာမယ့် စပါးနဲ့ ပွဲမှာသာ ဘရူနို နဲ့ ဒါးလော့ နှစ်ဦးလုံး အဝါကဒ် ထိခဲ့ရင် တန်ဟဂ် အတွက် ချဲလ်ဆီး နဲ့ ကစားရမယ့်ပွဲဟာ ဘေးကျပ်နံကျပ်ဖြစ်သွားနိုင်ပါတယ်။ နယူးကာဆယ် နဲ့ ပွဲမှာမပါဝင်နိုင်ခဲ့တဲ့ တော်မနေး က အဝါကဒ် (၅)ခုပြည့်သွားလို့ ပွဲပယ်ခံရတာပဲ ဖြစ်ပါတယ်။