ဂရေဟမ်ပေါ်တာနဲ့ယှဉ်ပြိုင်ရမယ့်အခြေအနေ၊ ရော်နယ်ဒိုနဲ့မာစီရယ်တို့အကြောင်း  ဖွင့်ဟခဲ့တဲ့ တန်ဟတ်ရဲ့သတင်းစာရှင်းလင်းပွဲ

Posted on

မန်ယူနိုက်တက်နည်းပြ အဲရစ် တန်ဟတ် ဟာ ချယ်ဆီးနဲ့ပွဲမတိုင်မီ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ပြိုဘက်နည်းပြ ဂရေဟမ်ပေါ်တာနဲ့ ယှဉ်ပြိုင်ရမယ့် အတွေးအမြင်တွေ၊ အပြစ်ပေးခဲ့တဲ့ ရော်နယ်ဒိုအပေါ် သူရဲ့ သဘောထားနဲ့ ဒဏ်ရာ ရကစားသမားဖြစ်တဲ့ မာစီရယ်ရဲ့ အခြေအနေတွေကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

တန်ဟတ် နဲ့ ဂရေဟမ် ပေါ်တာ တို့ကတော့ ဒီရာသီမှာ ဒုတိယ အကြိမ်မြောက် တွေ့ဆုံမှု ဖြစ်လာခဲ့ပါတယ် ။ ရာသီအဖွင့်ပွဲမှာ ပေါ်တာ ရဲ့ ဘရိုက်တန် ဟာ တန်ဟတ် ရဲ့ ယူနိုက်တက် ကို အနိုင် ကစားထားခဲ့တာပါ ။ ဒီတကြိမ်မှာတော့ တန်ဟတ်က စိုးရိမ်ခြင်းမရှိဘူးလို့ အခုလို ပြောခဲ့ပါတယ်။

“ပွဲကောင်း တပွဲကို ကျွန်တော်တို့ ကစားရမှာပါ ။ ချဲလ်ဆီး ဘက်ကကြည့်ရင်လည်း အတူတူပါပဲ ။ ကျွန်တော့ အတွက်ကတော့ အိမ်ကွင်း အဝေးကွင်း ဆိုပြီး ခွဲခြားမနေပါဘူး ၊ ကွင်းအကျယ်လည်း အတူတူ ၁၁ ယောက်ချင်း ကစားရတာလည်း အတူတူပါပဲ ။ ဒိုင်လည်း ပါပါတယ် ၊ ပရိသတ်တွေ ဆီကလည်း အားပေးမှုကို အမြဲ ရနေတာပါ ။ ဒီပွဲအတွက် စိတ်အားထက်သန်မှု အပြည့်ရှိပါတယ်” လို့ ဖြေကြားသွားခဲ့ပါတယ် ။

ယူနိုက်တက် နည်းပြကြီး ဟာ စပါး နဲ့ ပွဲမှာ လူစားဝင်ဖို့ ငြင်းပြီး ပွဲမပြီးခင်မှာတင် ထပြန်သွားတဲ့ တိုက်စစ်မှူးကြီး ရိုနယ်ဒို ကို ချဲလ်ဆီး နဲ့ ပွဲကို ခေါ်မသွားဘဲ ချန်လှပ် ထားမယ်လို့ မနေ့က ထုတ်ပြန်ကြေညာခဲ့ ပါတယ် ။

ဒီကိစ္စ နဲ့ ပတ်သက်ပြီး သတင်းထွက်နေတာတွေ မှန်ကန်ကြောင်း နဲ့ အပြစ်ပေးမှုရှိခဲ့ပေမယ့် ရိုနယ်ဒို ဟာ အသင်းအတွက် အရေးပါသူ တယောက် အဖြစ် ဆက်ရှိနေမှာ ဖြစ်ကြောင်းတွေကိုလည်း တန်ဟတ်က ပြောဆိုသွားခဲ့ ပါတယ် ။

“ကျွန်တော်တို့ ရိုနယ်ဒို ကို သတိရနေမှာပါ ။ စပါးနဲ့ ပွဲမှာ သူ လူစားဝင်ဖို့ ငြင်းခဲ့တာ ဟုတ်ပါတယ် ။ ကျန်တဲ့ဟာတွေ ကတော့ သူနဲ့ ကျွန်တော့ အကြားမှာပဲ ရှိမှာပါ ။ ဒါတွေက သူ့လုပ်ရပ်ရဲ့ အကျိုးဆက်ပါပဲ ။ ထုတ်ပြန်ချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြပြီးပါပြီ ။ သူက ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကစားသမား အဖြစ် ရှိနေဦးမှာပါ”

“စည်းမျဉ်းတွေ ၊ စံနှုန်းတွေ အတွက် ကျွန်တော့မှာ တာဝန်ရှိပါတယ် ။ ဘောလုံးက အသင်းလိုက် ကစားနည်းပါ ၊ ဒီစည်းတွေ စံတွေကို လေးစားဖို့ လိုအပ်ပါတယ် ။ ရေယို ( ဗယ်လက်ကာနို ) နဲ့ ပွဲတုန်းကလည်း သူ ဒါမျိုး လုပ်ဖူးပါတယ် ၊ အဲ့ဒိတုန်းကတော့ သူ တယောက်တည်းမဟုတ်ပါဘူး ။ အဲ့ကတည်းက ကျွန်တော် လက်မခံ ခဲ့တာပါ ။ ဒီကိစ္စက သူမှ မဟုတ်ပါဘူး ၊ ဘယ်သူ့ကိုမဆို ဒီလို အကျိုးဆက်တွေ ဖြစ်လာမှာပါပဲ” လို့ တန်ဟတ် က ဖြေကြားခဲ့ပါတယ် ။

ဆက်လက်ပြီး အသင်းရဲ့ တိုက်စစ်မှူး တယောက် ဖြစ်တဲ့ အန်တိုနီ မာစီရယ် ရဲ့ ဒဏ်ရာ အနေအထားကို တန်ဟတ် က ထည့်သွင်းပြောဆိုခဲ့ ပါတယ် ။

“မာစီရယ် လွဲပါမယ်” လို့ ပြင်သစ်တိုက်စစ်မှူးရဲ့ အခြေအနေကို မေးမြန်းချိန်မှာတော့ တန်ဟတ် က ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။ မာစီရယ် နဲ့ ရိုနယ်ဒို တို့ မပါနိုင်တော့တာကြောင့် မားကပ် ရက်ဖိုဒ့် ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ တဦးတည်းသော အထောင်တိုက်စစ်မှူး ဖြစ်လာခဲ့ပြီး ချယ်ဆီးနဲ့ပွဲမှာ သေချာပေါက် ပါဝင်လာတော့ မှာပဲ ဖြစ်ပါတယ် ။