ကတ်စမဲရိုးရဲ့ အကောင်းဆုံး တွဲဘက်နှစ်ယောက်ကို ရှာဖွေကြည့်ခြင်း

Posted on

ကတ်စမဲရိုးရဲ့ အကောင်းဆုံး တွဲဘက်နှစ်ယောက်ကို ရှာဖွေကြည့်ခြင်း

မန်ယူနိုက်တဒ် အသင်းက ရီးရဲလ် ရဲ့ ရဲသုံးဖော်ထဲ က အမာခံအဖျတ်သမား တနည်း အကြမ်းအခံဆုံး ကစားသမားလို့ ပြောလို့ရတဲ့ ကတ်စမဲရိုး ကို ခေါ်ယူလိုက်တဲ့နောက် သူနဲ့အတူ တွဲကစားမယ့် ကွင်းလယ်တွဲဘက် တွေနဲ့ ပက်သက်လို့ ပရိတ်သတ်တွေကြား ရေပန်းစားမှု မြင့်တက်လာပါတယ်။

မိုဒရစ် နဲ့ တိုနီကရူးစ် လို တစ်ခေတ်တစ်ယောက်ဖွား ဂန္နဝင်ကွင်းလယ်လူတွေကြားမှာ အလုပ်ကြမ်းမှန်သမျှ ကို ဒိုင်ခံဖြေရှင်းပြီး အနာခံကစားတတ်တဲ့သူဖြစ်လို့ ဖရဒ်/တော်မနေး တို့ နဲ့ တွဲကစားခိုင်းရင်တော့ ဒါဟာ မတရားမှုလို့ ယိုးစွပ်လို့ရပါတယ်။ယနေ့ခေတ်ကစားသမားအများစုလို ဂိုးနဲ့ဖန်တီးမှုတွေရယူဖို့စိတ်မဝင်စားပဲ မပေးရဖို့သာ ပိုမိုအာရုံစိုက်သူဖြစ်လို့ အသင်းရဲ့ ကာလတစ်ခုကျော်ခွင့်ပြုခဲ့ရတဲ့ ဂိုးဧရိယာထိပ်က နေရာလွတ် ကြီးကို ဘရာဇီးလ်သားနဲ့ဖြည့်တင်းမယ်လို့ ယူဆရပါတယ်။

ကတ်စမဲရိုး-အဲရခ်ဆင်-ဘရူနို

ကတ်စမဲရိုး က အဖျတ်အားသန် ကွင်းလယ်အထိုင် ကစားသမားဖြစ်လို့ သူ့ရဲ့ပတ်ဝန်းကျင်မှာ ဘောလုံးဆွဲထုတ်သွားနိုင်မယ့် ကွင်းလယ်လူ တစ်ယောက် နဲ့ ဖြန့်ဝေနိုင်မယ့်သူ တစ်ယောက်မဖြစ်မနေလိုပါတယ်။ အဲရခ်ဆင် က ဘောလုံးဖြန့်ဝေနိုင်သလို ဆွဲယူမှုလည်းကောင်းပေမယ့် နှလုံးစက်တပ်ထားရတဲ့ ကစားသမားတစ်ယောက်ကို ပရီးမီးယားလိဂ် မှာ အလွန်အကျွံခိုင်းစေဖို့က အန္တာရယ်များပါတယ်။

ဘရူနို ကတော့ ဘောလုံးဆွဲယူတာထက် ဖြန့်ဝေတာပိုမိုအားသာပြီး ကတ်စမဲရိုး+အဲရခ်ဆင် အထိုင်ချကာ ပေါ်တူဂီသားက နံပတ်(၁၀) ကို ရယူနိုင်ပါတယ်။သို့သော်လည်း ဒီကွင်းလယ်က ဟန်ချက်ညီမှာမဟုတ်သလို ကတ်စမဲရိုးတစ်ယောက် ဝန်ပိုပိသွားနိုင်ပါတယ်။

ကတ်စမဲရိုး-ဖရဒ်-အဲရခ်ဆင်/ဘရူနို

ကတ်စမဲရိုး ကို ကွင်းလယ်ခံစစ်မှာသာအသုံးပြုပြီး ဖရဒ် လို လုပ်အားနှုန်းကောင်းတဲ့ကစားသမားကို နံပတ်(၈) နေရာမှာအသုံးပြုတာက ပိုပြီးသင့်တော်ပါလိမ့်မယ်။ဘရာဇီးလ်မှာလည်း ကွင်းလယ်အထိုင်အတွဲဖြစ်သလို ဖရဒ် ဟာ နံပတ်(၈) မှာ btob ကစားရင် ပိုကောင်းသူ ဖြစ်တယ်ဆိုတာ အမြဲတစေသက်သေပြပြီးဖြစ်ပါတယ်။ ကွင်းလယ်တိုက်စစ်အတွက်တော့ အဲရခ်ဆင် ကို ပိုမိုနေရာပေးစေချင်ပေမယ့် အသက်အရွယ်အရရော ပရိတ်သတ်ကြိုက်နှစ်သက်မှုအရပါ ဘရူနို က သာ နေရာရလာဖွယ်ရှိပါတယ်။

ဒီသုံးယောက်ကွင်းလယ်မှာ ဖရဒ် က အရေးပါပြီး ဘောလုံးလက်ခံတာ/ဆွဲယူတာတွေ ပြုလုပ်ရမှာဖြစ်ကာ ယခုနွေ ဒါမှမဟုတ် နောက်ရာသီ ဖရန်ဒီဂျောင် ရောက်ရှိလာရင် နေရာလက်လွှတ်ပေးရပါလိမ့်မယ်။