တော့တင်ဟမ်ကိုအနိုင်ရခဲ့တဲ့ ပွဲရဲ့ အသံတိတ် သူရဲကောင်းကို ဖော်ထုတ်လိုက်တဲ့ တန်ဟဂ်

Posted on

မန်ယူနိုက်တဒ်အသင်းရဲ့ တော့တင်ဟမ်ဟော့စပါး ကို စိတ်တိုင်းကျလွှမ်းမိုးချုပ်ကိုင်ပြီး ထိုးနှက်ခဲ့တဲ့ နိုင်ပွဲအတွင်း အသင်းသားအားလုံး ဟာ Rating-7.5 အထက်မှာ ရှိနေခဲ့ကြပြီး ထိုထဲက အသံတိတ်သူရဲကောင်း တနည်း နောက်ကွယ်ကပံပိုးခဲ့သူကတော့ ကတ်စမဲရိုး ပဲ ဖြစ်ပါတယ်။ရွိုင်ကိန်း နဲ့ ကာရစ် အလွန်မှာ ဒေါင်ဒေါင်မြည် ကွင်းလယ်ခံစစ်မှုး မရှိတဲ့ ယူနိုက်တဒ် အတွက် ချန်ပီယံလိဂ် (၄)လုံး ဆွတ်ခူးထားခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်အတွဲမှာ ပါဝင်ပံပိုးခဲ့သူ ကတ်စမဲရိုး လို World Class DM ကို ရရှိလိုက်တာက တန်ဖိုးမဖြတ်နိုင်တဲ့ ဝယ်ယူမှု ဖြစ်ခဲ့တယ်ဆိုတာ လက်ရှိ ကစားထားတဲ့ ပွဲစဉ်တွေက သက်သေပဲ ဖြစ်တယ်လို့ နည်းပြကြီး တန်ဟဂ် က ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။

တန်ဟဂ် က “ကတ်စမဲရိုး နဲ့ ဖရဒ် ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံမှု၊ချိတ်ဆက်မှု ရှိတယ်ဆိုတာ အသေချာပါပဲ။ကတ်စမဲရိုး ကို ဖရဒ် နဲ့ အတူ ပွဲထွက်စေရင်း အခုဆိုရင် တစ်ပွဲချင်းစီမှာ သူတို့ရဲ့ပိုကောင်းမွန်တဲ့ ပုံစံကို ကျွန်တော်တို့ မြင်တွေ့လာရပါပြီ။သူက တစ်ပွဲထက်တစ်ပွဲပိုမိုကောင်းမွန်လာသလို ဘာကြောင့်သူ့ကို ကျွန်တော်တို့ခေါ်ယူခဲ့ရလည်းဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေကိုလည်း ပြန်ပေးနိုင်ပြီလို့ ထင်ပါတယ်။အသင်းအတွက် သူကဘယ်လောက်အရေးပါတဲ့ ကစားသမားလည်းဆိုတာ ခများတို့မြင်တွေ့ပါလိမ့်မယ်၊သူကသိပ်ကိုထူးခြားကောင်းမွန်တဲ့ ကွင်းလယ်ခံစစ်သမားဖြစ်ပြီး ကျွန်တော်တို့က သူ့လို ကစားသမား ကို အမှန်တကယ်လိုအပ်နေတယ်ဆိုတာကို ဒီနောက်ပိုင်းပွဲတွေမှာ သူကိုယ်တိုင်ပဲ သက်သေပြခဲ့တာပါ”လို့ဆိုပါတယ်။

မန်ယူနိုက်တဒ်ဟာ ကတ်စမဲရိုး ကို ယူရိုသန်း(၆၀) နဲ့ ခေါ်ယူခဲ့ပေမယ့် အစောပိုင်းမှာ ဖရန်ကီဒီဂျောင် ကိုသာ ဦးစားပေးရွေးချယ်ခဲ့သလို နယ်သာလန်သား ကိုမရနိုင်တဲ့အချိန်မှာ ရာဘီယော့ ကို ခေါ်ယူရန် ကြိုးစားခဲ့ပါသေးတယ်။ရာသီအစအသင်းရလာဒ်တွေ ဆိုးရွားခဲ့ပြီး ပရိတ်သတ်တွေရဲ့ဖိအားမြင့်တက်လာတာကြောင့် ဂလေဇာ က ဈေးကွက်ထဲရုတ်တရက် ရောက်လာတဲ့ ကတ်စမဲရိုး ကို ကြားဖြတ်ခေါ်ယူခဲ့တာဖြစ်ပြီး တန်ဟဂ် ကိုယ်တိုင်ကလည်း အသင်းဟာ ဖရန်ကီဒီဂျောင် ထက် ကတ်စမဲရိုး လို ဝါရင့်ကွင်းလယ်လူကိုပိုမိုလိုအပ်တယ်လို့ ဆုံးဖြတ်ကာ မီးစိမ်းပြခဲ့တာဖြစ်ပါတယ်။

ကတ်စမဲရိုး က ရောက်ခါစမှာ တော်မနေး ကြောင့်အနည်းငယ် ကြန့်ကြာခဲ့ပေမယ့် မန်စီးတီးကိုအရေးနိမ့်ပြီးနောက်မှာတော့ တောက်လျှောက် ပွဲထွက်ခွင့်ရရှိခဲ့ကာ လက်ရှိအချိန်မှာတော့ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ရရှိနေပြီပဲ ဖြစ်ပါတယ်။