ယူနိုက်တက် ဂန္တဝင်ကျောနံပါတ်ကို ဝတ်ဆင်ပြီး ဂန္တဝင်ခြေရာနင်းမယ့် ကက်စီမဲရိုး

Posted on

ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အလုံးစုံသဘောတူညီမှု ရထားတဲ့ ဘရာဇီးလ် ကွင်းလယ်ကြယ်ပွင့် ကတ်စ်မဲရိုးက မန်ချက်စတာ ယူနိုက်တက်မှာ ဘယ်နံပါတ် ဝတ်ဆင်ကစားမလဲဆိုတာ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ ဖြစ်နေခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ရီးရဲလ်မက်ဒရစ်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း + အပိုဆုကြေး ပေါင် ၁၀သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီး သူက မန်ချက်စတာ ယူနိုက်တက်နဲ့ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။

ကတ်စ်မဲရိုးဟာ ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်က သူ့ကို ခေါ်ယူနိုင်ခဲ့တာဟာ အတော်လေးကို ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှုလို့ ပြောနိုင်ပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကလည်း ကတ်စ်မဲရိုးဟာ ယူနိုက်တက်ရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးထားကြပါတယ်။

ကက်စီမဲရိုးကို  ယူနိုက်တက်ကစားသမား အဖြစ်တရားဝင် အတည်ပြု မိတ်ဆက်မှုအား ယနေ့ည လီဗာပူးလ် အသင်းနဲ့ပွဲစဉ် မတိုင်ခင်ပရိတ်သတ်တွေရှေ့မှာပဲပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ကစားသမားသစ် ကတ်စီမဲရိုး အနေနဲ့ လိုအပ်သော စာရွက်စာတမ်းများ ပြီးပြတ်ပြီးမှသာ အစောဆုံး ကြာသပတေးနေ့တွင် လေ့ကျင့်ခန်းဆင်းနိုင်မည်ဖြစ်တယ်လို့ သိရပါတယ်။

သတင်းတွေအရ ကတ်စ်မဲရိုးက မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ ပေါလ်စခိုးလ် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၈ကို မန်ချက်စတာ ယူနိုက်တက်မှာ ဝတ်ဆင် ကစားသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

အဆိုပါနံပါတ်ကို ယခင်က ကွင်းယ်လူ ဘရူနိုဖာနန်ဒက်စ် ဝတ်ဆင်ခဲ့တာ ဖြစ်ပြီး မာတာအသင်းကထွက်ခွာသွားတဲ့နောက် နံပါတ် (၈)ကို ဖာနန်ဒက်စ်က ပြောင်းလဲဝင်ခဲ့တာကြောင့် ကျော နံပါတ် (၁၈)က လစ်လပ်သွားခဲ့တာလည်း ဖြစ်ပါတယ်။ကတ်စ်မဲရိုးက ယူနိုက်တက်နဲ့အတူ အောင်မြင်မှုတွေ ရယူချင်တာကြောင့် အခုလိုမျိုး ပေါလ်စခိုးလ်ရဲ့ ကျောနံပါတ် (၁၈)ကို ဆက်ခံဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။