Getty Images

ကားစုတ်ကြီးစက်နိုးလာချိန် (သို့) ပထမဆုံးအဝေးကွင်းနိုင်ပွဲ စရလာတဲ့ ယူနိုက်တဒ်

Posted on

မန်ယူနိုက်တဒ်ရဲ့ လူစာရင်းကို အပြောင်းလဲကြီးကြီးမားမား တွေ့မြင်ရမယ်လို့ ထင်ခဲ့ပေမယ့် တန်ဟ​ဂ် ကတော့ လီဗာပူးလ်ကိုအနိုင်ရခဲ့တဲ့ ပွဲရဲ့လူစာရင်းကိုပဲ အပြောင်းလဲမလုပ်ပွဲထုတ်ခဲ့ပါတယ်။

Getty Images

ရော်နယ်ဒို ကို နှစ်ပွဲဆက် အရံခုံတင်ခဲ့သလို ကစားသမားသစ် ကတ်စမဲရိုး ကိုလည်း ပွဲထွက်ခွင့်မပေးပဲ ချန်ထားခဲ့ပါတယ်။ တန်ဟဂ် ကတော့ ကတ်စမဲရိုး အနေနဲ့ အသင်းသစ်၊လိဂ်သစ်၊ဒေသသစ် ဖြစ်တာကြောင့် အသားကျဖို့လိုတယ်လို့ ပြောဆ်ိုခဲ့ပြီး ရော်နယ်ဒို နဲ့ပက်သက်လို့တော့ ပြောဆိုခဲ့ခြင်းမရှိပဲ နည်းဗျူဟာအရ ချန်ရစ်ထားတာမျိုးသာဖြစ်နိုင်ပါတယ်။

ဆောက်တပ်တန် က ကစားရကြပ်သလို ကြံခိုင်မှုကောင်းပြီး High Press ကစားတဲ့အသင်းဖြစ်တာကြောင့် တိုက်စစ်သုံးယောက်မှာ လျှင်မြန်မှု အသားပေးတဲ့ ကစားသမားတွေကိုသာ အသုံးပြုလိုဟန်တူပါတယ်။ သို့သော်လည်း လီဗာပူးလ်နဲ့ ပွဲမှာ ညာခြမ်းကစားခဲ့တဲ့ ဆန်ချို ကို ဘယ်ခြမ်း ကစားစေကာ အီလန်ဂါကတော့ ညာခြမ်းကနေ ပွဲထွက်လာပါတယ်။

ယူနိုက်တဒ် ရဲ့ ပွဲအစက တာထွက်ကောင်းသလို မလာစီယာ၊အဲရခ်ဆင်၊မာတီနက်ဇ်၊ဗာရန်း၊ဒါးလော့ နဲ့ ဆန်ချို တို့ အကောင်းဆုံးပုံစံပြထားနိုင်တာကြောင့် ဆောက်တပ်တန်ကွင်းလယ် နဲ့ တိုက်စစ်ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

Getty Images
Getty Images

တိုက်စစ်က ဘရူနို၊ရရှ်ဖိုဒ့် နဲ့ အီလန်ဂါ တို့ ခြေမပေါ်တာကြောင့်သာ ထ်ိုးဖောက်ရခက်ခဲနေပြီးတန်ဟဂ် အနေနဲ့ ဘာကြောင့် ဒီဂျောင်၊အန်တိုနီ တို့ကို အလိုရှိနေလည်းဆိုတာ အဖြေထွက်ပေါ်ခဲ့ပါတယ်။

ယူနိုက်တဒ် ကွင်းလယ်တိုက်စစ် မှာ ဘရူနို ရဲ့ လုပ်အားနှုန်းက သိသိသာသာကျဆင်းနေပြီး ခံစစ်-တိုက်စစ် အကူးအပြောင်းတွေ မြန်ဆန်တဲ့ ပေါ်တူဂီသား ရဲ့ အားသာချက်တွေက ဘောလုံးပိုင်ဆိုင်မှုအသားပေးတဲ့ တန်ဟဂ် နဲ့ အတော်လေး ကွဲလွဲနေပါတယ်။ရရှ်ဖိုဒ့် နဲ့ အီလန်ဂါ ကတော့ ဒီပွဲမှာ ဖြတ်လျှောက်အဆင့်တောင် မပါရပဲ တော်မနေး ကို မိနစ်(၇၀)ကျော်မှ ပါမှန်းသိတဲ့အထိဖြစ်ခဲ့တာတော့ အတော်လေး ဆိုးရွားတဲ့အခြေအနေလို့ဆိုနိုင်ပါတယ်။

ယူနိုက်တဒ် ရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်က အထူးချီးကျူးရမှာဖြစ်ပြီး ဖေဖဝါရီအလွန်ပထမဆုံး အဝေးကွင်း ဂိုးမပေးရတဲ့နိုင်ပွဲကို ပုံဖော်နိုင်ခဲ့ရာမှာ မာတီနက်ဇ်၊မလာစီယာ တို့ရဲ့ ခြေစွမ်း နဲ့ ရဲစွမ်းတင်မှုက အသ်ိမှတ်ပြုဖို့လိုပါတယ်။

Getty Images
Getty Images

တန်ဟဂ် အနေနဲ့ မက်ဂွိုင်းယား၊ရှော တို့ကို နေရာပေးတာ၊ပွဲထွက်ခွင့်ပေးတာတွေ ပြုလုပ်ဖို့ ခဲယဉ်းသွားပြီး ယူနိုက်တဒ် ကပ္ပတိန်ကြီးဟာ ဖလားပွဲတွေမှာသာ ယာယီဝင်ကန်ရတဲ့ အဖြစ်ကို ရောက်ရှိလာနိုင်ပါတယ်။အန်တိုနီ လို ကစားသမား ရောက်ရှိလာရင် ဆန်ချို က ဘယ်ခြမ်း ကို ရောက်သွားနိုင်ပြီး ရရှ်ဖိုဒ့် အတွက် အဓိကစိန်ခေါ်သူ ဖြစ်လာနိုင်တာက အင်္ဂလန်သားရဲ့ WC အိမ်မက်ကိုပါ တိုက်ရိုက်ချိန်းခြောက်စေပါလိမ့်မယ်။

တန်ဟဂ် ကတော့ ဒီနိုင်ပွဲအပေါ်ကျေနပ်နေမှာ မဟုတ်ပေမယ့် လိုအပ်တဲ့ ရမှတ် (၃)မှတ်စုဆောင်းနိုင်ခဲ့လို့ ပျော်သင့်သလောက်ပျော်ပြီး ရှေ့လျှောက်ပိုကောင်းတဲ့ ကစားကွက်ကိုဖန်တီးနိုင်ဖို့ ကြိုးစားပြင်ဆင်ရတော့မှာပဲဖြစ်ပါတယ်။