ဘရိုက်တန်နဲ့ ပွဲက ကောင်းကွက်တချို့ (သို့) တန်ဟဂ် အတွက် ရသေ့စိတ်ဖြေ

Posted on

တန်ဟဂ် ရဲ့ အိမ်ကွင်းတာထွက်ကတော့ ရုပ်ဆိုးအကျည်းတန်ခဲ့တယ်ဆိုရင် ငြင်းမယ့်သူ မရှိလောက်ပါဘူး။ဒါပေမယ့်လည်း တာထွက်မကောင်းတိုင်း ပန်းဝင်နောက်ကျတာ မဟုတ်ကြောင်းတော့ အားလုံးသိရှိကြမှာပါ။ ဘရိုက်တန်နဲ့ပွဲက မျှော်လင့်ချက် တွေ ကိုမဖြည့်ဆည်းနိုင်ခဲ့ရင်တောင်မှ ပရိတ်သတ် နဲ့ နည်းပြ ရဲ့ အခက်ခဲ/တောင်းဆိုမှုတွေကို ဒါရိုက်တာဝင်းအတွင်းထဲက ဂလေဇာ မိသားစုနဲ့တကွ ရစ်ချက်အာနိုးလ်၊ဂျွန်မော့တော့ဂျ် တို့ မြင်တွေ့ခဲ့မယ်ဆိုရင်ပဲ အပြောင်းရွှေ့ရာသီမသိမ်းသေးတာဖြစ်လို့ ကောင်းမွန်နိုင်တဲ့ အရွေ့တစ်ခုဖြစ်လာဖို့ပဲ ဖြစ်ပါတယ်။

ဘရိုက်တန် နဲ့ ပွဲဟာ ထူးထူးခြားခြား ရာသီကြိုနဲ့ကွဲထွက်နေတဲ့ နည်းဗျူဟာအခင်းအကျင်း မျိုး မြင်တွေ့ခဲ့ရသလို အရံအင်အားနည်းပါးမှုဒဏ်ကို ရာသီအစမှာတင် ထင်ရှားစွာ မြင်တွေ့ခဲ့ရတာဖြစ်လို့ ဒီပွဲက နည်းစနစ်ပိုင်းအားနည်းချက်ကြောင့် ဆိုတာထက် ကွင်းထဲက (၁၁)ယောက်ရဲ့ အသုံးမကျမှုနဲ့သာ လုံးလုံးလျားလျား သက်ဆိုင်နေပါတယ်။အဲရခ်တန်ဟဂ် ရဲ့ ပွဲဦးထွက် က မှားယွင်းမှုတွေအများအပြား ရှိသလို ကစားသမားတွေရဲ့ အသုံးမကျမှုတွေအကြောင်း ဖန်တရာထပ်နေအောင် စာစီနေကြသလို ကောင်းကွက်တချို့လည်း ရှိပါသေးတယ်။

မာတီနက်ဇ် နဲ့ အဲရခ်ဆင် က အားထားရမယ့် ကစားသမားတွေ ဖြစ်လာနိုင်ပြီး အဲရခ်ဆင် ကို နံပတ်(၆)နေရာကနေ ဘောလုံးဖြန့်ဝေခိုင်းခဲ့တာ က ဘရူနို ဗန်ဒီဘိခ့် တို့နဲ့ ကြားက အဖြေကို ဖြေရှင်းနိုင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ အဲရခ်ဆင် ရဲ့ အဝေးကိုတိကျစွာပေးနိုင်စွမ်း နဲ့ ဖြတ်တင်ဘော၊မျှောချပေးနိုင်စွမ်း တွေက ယူနိုက်တဒ် တိုက်စစ်အတွက် အပိုဆုလာဘ်တွေ ဖြစ်လာပါလိမ့်မယ်။

ဘရူနို ကို ဝေဖန်မှုတချို့ရှိပေမယ့် အရင်ကလောက် အရဲမစွန့်တာ၊လူပေးဖို့ပိုအာရုံစိုက်လာတာအပြင် တိုက်စစ်မှုးစစ်စစ် မရှိတာကြောင့် ရုန်းကန်နေရတဲ့ အခြေအနေကို ကြည့်ရင် လက်ကျန်ပွဲတွေမှာ ပေါ်တူဂီသားရဲ့ ခြေစွမ်းကဆက်ပြီးစောင့်ကြည့်ရပါဦးမယ်။

လုခ်ရှော အတွက် မလာစီယာ က ခေါင်းတစ်လုံးသာနေသလို ဒါးလော့ရဲ့ညာခြမ်း ကလည်း ထပ်ပြီးဖြည့်တင်းရပါဦးမယ်။အဆုံးသတ်ရရင် အဲရလ်တန်ဟဂ် ဟာ ယူနိုက်တဒ် ရဲ့ ပကတိအရှိတရား ကို အမှန်တကယ် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ် ပွဲစဉ်အစမှာပဲ မြင်တွေ့လိုက်ရတာ က ကောင်းမွန်ခြင်းလို့ဆိုနိုင်ပြီး အမှားတွေကို ခပ်မြန်မြန်ဖာထေးနိုင်ဖို့တော့ လိုပါလိမ့်မယ်။

သူ့အတွက် ဖရန်ကီဒီဂျောင် အပြင် DM တစ်ယောက် မရရင်တောင် RW၊RB အပါဝင် ကစားသမား သုံးယောက်လောက်အထိ ထပ်မံလိုအပ်နေပြီး ဘရိုက်တန် နဲ့ အရှုံးက ဂလေဇာ နဲ့ ဘုတ်အဖွဲ့အတွက် အချက်ပေးသံဖြစ်စေဖို့သာ ဆုတောင်းရင်းနဲ့ပဲ…….