မန်ယူနိုက်တက်က မတရားဘူးလို့ ဒဲ့ပြောလိုက်တဲ့ အဲရစ်ဘိုင်လီ

Posted on

မာဆေးလ်အသင်းထံ အငှား ပြောင်းရွှေ့သွားခဲ့ရတဲ့ မန်ယူအသင်းနောက်ခံလူဟောင်း အဲရစ်ဘိုင်လီကတော့ မန်ယူအသင်းဟာ အင်္ဂလိပ် ကစားသမားတွေကိုသာ ပိုမို အရေးပေးလွန်းတယ်ဆိုပြီး စွပ်စွဲပြောဆိုသွားခဲ့ပါတယ်။

ဘိုင်လီ အဓိကရည်ညွန်းပြောဆိုလိုတာက ပြီးခဲ့တဲ့ရာသီ တစ်လျှောက်လုံး ပုံစံကောင်းတွေ ပျောက်ဆုံးနေပေမယ့် ပုံမှန်ပွဲထွက်ခွင့်ရခဲ့တဲ့ အင်္ဂလန်သား မက်ဂွိုင်းယားကိုပဲ ဖြစ်နိုင်ပြီး ဘိုင်လီကတော့ ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၄ ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့တာ တွေ့ရပါတယ်။

ဘိုင်လီဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ပါဝင်ကစားလိုနေကြောင်း ဆိုရှယ်မီဒီယာကနေ အတိအလင်း ဖွင့်ဟခဲ့ပေမယ့် အသင်းဘက်ကတော့ ၎င်းကို မျက်နှာသာပေး ရွေးချယ်ခဲ့ခြင်း မရှိပဲ လင်ဒီလော့ဖ်နဲ့ ဗာရန်းတို့ အတွဲအဖက်ကို အစားထိုး ရွေးချယ်ခဲ့တာကြောင့် ဘိုင်လီတစ်ယောက် အသင်းကို အတော်လေး စိတ်ပျက်ခဲ့ရပြီး နောက်ဆုံးမှာတော့ မာဆေးလ်အသင်းထံ ထွက်ခွါလာခဲ့ရတာ ဖြစ်ပါတယ်။

ဘိုင်လီက “ မန်ယူအသင်းမှာက အင်္ဂလန်သားတွေကို မျက်နှာသာပေးတာ ထုံးစံတစ်ခုလို ဖြစ်နေပါတယ်။ အသင်းအနေနဲ့ အင်္ဂလိပ်ကစားသမားတွေကို မျက်နှာသာအရမ်းပေးတာမျိုး မလုပ်သင့်ပါဘူး၊ ကစားသမားတိုင်းကို အခွင့်အရေးပေးရပါမယ်၊ အဝတ်လဲခန်းမှာလည်း အတူတူပါပဲ၊ နိုင်ငံအသင်းရဲ့ ကစားသမားတွေကို ဦးစားပေးခံရတာမျိုး ကျတော်အမြဲတမ်း တွေ့ကြုံခံစားခဲ့ရလေ့ရှိပါတယ်။”

” အဲ့ဒီလို အဖြစ်အပျက်မျိုးက ချဲလ်ဆီး ဒါမှမဟုတ် အခြားပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေမှာတော့ ဖြစ်လေ့ဖြစ်ထ မရှိကြပါဘူး၊ လက်ရှိ နည်းပြ တန်ဟတ်ဂ်ကတော့ ကံကောင်းပါတယ်၊ သူ့ဆီမှာလည်း ကိုယ်ပိုင် ယုံကြည်ချက်တွေ ရှိနေတော့ အဲ့ဒီ ဓလေ့တစ်ခုကို ကောင်းကောင်း ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်မိပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဘိုင်လီ ပြောဆိုခဲ့သလိုပဲ တန်ဟတ်ဂ်ဟာ လက်ရှိရာသီ အစပိုင်းမှာ မက်ဂွိုင်းယားကို ပွဲထွက်ခွင့်ပေးခဲ့ပေမယ့် ကစားသမားရဲ့ ခြေစွမ်း အနေအထားကြောင့် နောက်ပိုင်း ပွဲစဉ်တွေမှာ အရံအဖြစ်သာ ပွဲထွက်စေပြီး မာတီနက်ဇ်နဲ့ ဗာရန်းတို့ ၂ ယောက်ကိုသာ ယုံယုံကြည်ကြည် ပွဲထုတ် အသုံးပြုနေတာ တွေ့ရပါတယ်။