အေဂျက်စ် အသင်းကနေ (၃)ဦးမြောက်ကစားသမားကို ခေါ်ယူဖို့အခွင့်အရေးရခဲ့ပေမယ့် ငြင်းပယ်ခဲ့တဲ့ တန်ဟတ်

Posted on

မန်ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့မပိတ်သိမ်းမီ အေဂျက်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ဘရိုင်ယန်ဘရော်ဘီကိုပါ ခေါ်ယူဖို့ အခွင့်အရေးကောင်း ရခဲ့ပေမဲ့ အသင်းရဲ့ နည်းပြချူပ် အဲရစ်တန်ဟတ်ကိုယ်တိုင် ပယ်ချခဲ့လိုက်တာ ဖြစ်တယ်လို့ သတင်းရင်းမြစ်အချို့က ဖော်ပြလာခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ပုံစံကောင်းတွေပြသနိုင်ဖို့ ရုန်းကန်ခဲ့ရကာ ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေခဲ့တာကြောင့် ယူနိုက်တက်တာဝန်ရှိသူတွေက ရာသီမပိတ်သိမ်းမီမှာပဲ အေဂျက်စ်အသင်းနဲ့အတူ ဒက်ချ်လိဂ်ချန်ပီယံဖြစ်ဖို့ ရေးပန်းစားနေတဲ့ နယ်သာလန်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ကို အကြိုသဘောတူညီမှု ရယူကာ ခေါ်ယူထားခဲ့တာပဲ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က အေဂျက်စ်အသင်းနဲ့အတူ ဒက်ချ်လိဂ်ချန်ပီယံဖြစ်ခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပဲ ယူနိုက်တက်အသင်းကို လာရောက်ပူးပေါင်းခဲ့ပြီး ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ခဲ့ရာ ဗဟိုနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ် နဲ့ ဘရာဇီးညာတောင်ပံကြယ်ပွင့် အန်တိုနီဆန်းတို့စ်တို့လို အေဂျက်စ်အသင်းရဲ့ အဓိက ကစားသမား နှစ်ယောက်ကို ငွေကြေးအမြောက်အမြား အသုံးပြုကာ ခေါ်ယူမှု ပြုလုပ်ခဲ့ပြီးနောက် နောက်ထပ် အေဂျက်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ဘရိုင်ယန်ဘရော်ဘီကိုပါခေါ်ယူဖို့ အခွင့်အရေးရခဲ့တာဖြစ်ပေမဲ့ ယခုအပြောင်းအရွှေ့ ကာလအတွင်းမှာတော့ မခေါ်ယူတော့ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်လို့ နာမည်ကျော်အီတလီသတင်းထောက် ရိုမာနိုက“ ဘရိုင်ယန်ဘရော်ဘီဘက်ကတော့ အဲရစ်တန်ဟတ်ရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံဖို့ရန် တံခါးဖွင့်ထားပါတယ်။ ESPN သတင်းဌာနရဲ့ အစီအစဉ်တစ်ခုမှာ သူကိုယ်တိုင် ယူနိုက်တက်လို အသင်းမျိုးမှာ ကစားချင်တဲ့အကြောင်းနဲ့ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ မပြောပြနိုင်သေးကြောင်း ဖြေဆိုထားခဲ့ဖူးတာပါ”

” အေဂျက်စ်အသင်းဘက်က ရောင်းချလိုခြင်း မရှိပေမဲ့ ကစားသမားနဲ့ တန်ဟတ်အကြားမှာ ဆွေးနွေးမှု တစ်ကြိမ်တော့ ပြုလုပ်ခဲ့ကြပါသေးတယ်။ဘရော်ဘီ အနေဖြင့် အေဂျက်စ်အသင်းနဲ့အတူ ပုံစံကောင်းတွေ ပြသကာ ခြေစွမ်းကောင်းတွေ ပုံမှန်ပြသနိုင်လာတဲ့ အထိ စောင့်ကြည့်သွားဖို့ တန်ဟတ်ဘက်က ယူဆခဲ့ပုံပါပဲ။ ဒါကြောင့်သာ အမိအရ ခေါ်ယူခဲ့ခြင်း မရှိတာဖြစ်မှာပါ”လို့ ESPN သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုအတွင်းမှာ ဖြေဆိုသွားခဲ့တာ ဖြစ်ပါတယ်။