အရပ်ပုတာပြသနာမဟုတ်ပါ နှင့် ပရီးမီးယားလိဂ်ရပ်ဝန်းသို့ ပေးစာ

Posted on

မာတီနက်ဇ် ရဲ့ပြောင်းရွှေ့ကြေးကထပ်တိုးဆုကြေးအပါဝင် ယူရို (၆၅)သန်းအထိ မြင့်တက်ခဲ့တာကြောင့် ဝေဖန်ရေးသမားတွေအတွက် သိပ်ကောင်းတဲ့ ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပါတယ်။

မာတီနက်ဇ် ဟာ အရပ်(၅’၉”) သာ ရှိတာကြောင့်လည်း ပရီးမီးယားလိဂ် လို အမြင့်ဘော အသုံးပြုမှုများသလို အရပ်မြင့်မားတဲ့ ကစားသမားတွေ လည်း ပေါတဲ့ လိဂ် မှာ မာတီနက်ဇ် အတွက် ကျားရဲတွင်းထဲက ယုန်သူငယ် ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ လီဗာပူးလ် နောက်ခံလူဟောင်း ကာရေဂါ ကတော့ မာတီနက်ဇ် ဟာ ပရီးမီးယားလိဂ် တိုက်စစ်မှုးတွေကြားမှာ အရှက်တကွဲကိုယ်ကျိုးနည်းလိမ့်မယ်လို့ ပြောတဲ့အထိ ဝေဖန်ခဲ့ပြီး ဂရေမီဆောင်းနပ်စ်၊အဘွန်လဟော တို့လည်း ပါဝင်ခဲ့ကြပါတယ်။

အဘွန်လဟော ဟာ မာတီနက်ဇ် ကို ဝေဖန်ရာမှာ အချက်လက်နဲ့မဟုတ်တဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေအထိ ပါဝင်လာပြီး ပြိုင်ပွဲတိုင်းမှာ အာဂျင်တိုင်းသားနဲ့ ရင်ဆိုင်တဲ့ တိုက်စစ်မှုးဟာ ဘယ်သို့ဘယ်ပုံအသာရကြောင်းသာ ပြောဆိုလေ့ရှိပါတယ်။

သို့သော်လည်း လက်တွေ့မှာတော့ မာတီနက်ဇ် ဟာ ပရီးမီးယားလိဂ် (၄)ပွဲကစားပြီးနောက် အမြင့်ဘောရှင်းထုတ်နိုင်မှု (၈၃%) နဲ့ လိဂ်အတွင်း အမြင့်ဆုံးဖြစ်နေသလို ဗန်ဒိုက် နဲ့ ဆေးလ်ဗား နှစ်ဦးပေါင်း အမြင့်ဘောရှင်းထုတ်မှု (၉)ကြိမ် ကို တစ်ဦးတည်းနဲ့ လိုက်မှီနေတဲ့ ကစားသမားလည်းဖြစ်ပါတယ်။မာတီနက်ဇ် က အဖျတ်ကြမ်းသလို အဝင်ထွက် ရဲပြီး သူ့ရဲ့အားနည်းချက်ဖြစ်တဲ့ အရပ် ကြောင့် လေပေါ်ကနေ ကျော်သွားမှာကိုမလိုလားတာကြောင့် နည်းစနစ်ပိုင်းကိုလည်းအထူးတလည် လေ့ကျင့်ပြင်ဆင်ထားသူပဲဖြစ်ပါတယ်။

မာတီနက်ဇ် ဟာ အရပ်နိမ့်ပေမယ့် ပြိုင်ဘက်ကို လူကပ်ကစားပုံကောင်းမွန်ခြင်း၊ဘောလုံးလမ်းကြောင်းတွက်ဆနိုင်ခြင်း၊အမြင့်ခုန်ကောင်းမွန်ခြင်း နဲ့ ပြိုင်ဘက်ထက်ဦးအောင် တိုက်နိုင်ဖို့ ချိန်သားကိုက် ကောင်းမွန်ခြင်း အစရှိတဲ့ အချက်တွေမှာ သာလွန်သူတစ်ဦးဖြစ်ပါတယ်။

မာတီနက်ဇ် ဟာ စိတ်ပိုင်းဆိုင်ရာအရလည်း ကြံခိုင်သူ ဖြစ်ပြီး တိုက်ပွဲဝင်စိတ်ဓာတ်မြင့်မားသူ ဖြစ်လို့ ဝေဖန်သံတွေကို ဂရုစိုက်နေမှာ မဟုတ်ပေမယ့် သူ့ကိုဝေဖန်သူတွေကတော့ မှားယွင်းကြောင်းကို ကွင်းထဲကနေ အလုပ်နဲ့ သက်သေပြနေမှာပါ။လက်ရှိမှာ နှစ်ပွဲဆက်အကောင်းဆုံး ကစားသမားဆု ရရှိထားသလို သူဟာ ကာရေဂါ ရဲ့ မှားယွင်းကြောင်းတောင်းပန်မှုကို ပြန်လည်လက်ခံရရှိထားပြီး မကြာခင်မှာတော့ ဝေဖန်သံတွေကို နှုတ်ဆိတ်နိုင်တော့မယ် ဆိုတာ အသေချာပါပဲ။