မန်ချက်စတာဒါဘီပွဲစဉ်မတိုင်မီ ယူနိုက်တက်ပရိသတ်တွေအတွက် အားတက်စရာသတင်းကောင်း

Posted on

တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းနဲ့ ရင်ဆိုင်ရမယ့် မန်ချက်စတာဒါဘီပွဲစဉ်ကို ပါဝင်နိုင်ဖို့အတွက် အခြေအနေကောင်းနေပြီး ကြံ့ခိုင်မှု ပိုင်းလည်း ကောင်းမွန်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ စက်တင်ဘာလ အစောပိုင်းက အာဆင်နယ်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဆိုပါဒဏ်ရာကြောင့်ပဲ အင်္ဂလန်အသင်းကနေပါ ချန်လှပ်ခံခဲ့ရပါတယ်။ ဒါပေမယ့် The Sun သတင်းတွေအရတော့ လာမယ့်တနင်္ဂနွေနေ့မှာ ကစားရမယ့် မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ ပွဲစဉ်မှာ ဒဏ်ရာကနေ သက်သာပြီးပြန်လည် ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ယူရိုပါလိဂ်ပွဲစဉ် ၂ ပွဲစလုံးကိုလည်း လွဲချော်ခဲ့ပါတယ်။ နည်းပြအဲရစ်တန်ဟတ် လက်အောက်မှာ အကောင်းဆုံးခြေစွမ်း ပြန်လည်ရရှိခဲ့ပေမယ့်လည်း အာဆင်နယ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ၂ ဂိုးသွင်းယူခဲ့ပြီးနောက် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ အခုဆိုရင် ကြံခိုင်မှု အခြေအနေ ပြန်လည် ကောင်းမွန်နေပြီဖြစ်ပြီး လေ့ကျင့်ခန်းတွေပါ ပြန်ဆင်းနိုင်ပြီဖြစ်လို့ မန်စီးတီးနဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် မပါနိုင်ရင်တောင် အရန်စာရင်းမှာ ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက အသင်းအတွက် ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရတဲ့ ရပ်ရှ်ဖို့ဒ်ဟာ အခု ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ် လက်အောက်မှာတော့ form ကောင်းတစ်ခုကို ပြန်လည် ပြသနေနိုင်ပြီး (၆)ပွဲအတွင်း (၃)ဂိုးသွင်း (၂)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တာကြောင့်လည်း ပရီးမီးယားလိဂ်ရဲ့ စက်တင်ဘာလအတွက် တစ်လတာ အကောင်းဆုံး ကစားသမား ဆန်ခါတင်စာရင်းမှာတောင် ပါဝင်ခဲ့ပါတယ်။ တောင်ပံတွေမှာသာ အများဆုံး ကစားလေ့ရှိတဲ့ ၂၄ နှစ်အရွယ် ကစားသမားဟာ နည်းပြတန်ဟတ်လက်အောက်မှာ နံပါတ် ၉ နေရာကို ပြောင်းကစားလျက်ရှိပြီး ခြေစွမ်းပြနိုင်နေတာကြောင့် ခရစ္စတီယာနိုရော်နယ်ဒိုကိုတောင် အရန်ခုံမှာထိုင်စေခဲ့တဲ့ထိပါပဲ။ အခုဆိုရင် ဒါဘီပွဲစဉ်အတွက် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်တာကြောင့် အီတီဟတ်မှာ ကစားမယ့် ပွဲကြီးပွဲကောင်းမှာပြန်လည် ပါဝင်လာဖို့ များနေပါတယ်။

တန်ဟက်ဂ်အတွက် နောက်ထပ် စိတ်ကျေနပ်စရာ ဖြစ်နိုင်တာကတော့ အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောကလည်း နိုင်ငံတကာ ရက်သတ္တပတ်အတွင်းမှာ အင်္ဂလန်အတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တာကြောင့် အသင်းရဲ့ ဘယ်ခြမ်းခံစစ်မှာ မာလာစီယာနဲ့ လုခ်ရှောတို့ နှစ်ဦးလုံးကို သေချာရွေးချယ်ရဖွယ် ရှိနိုင်ပြီး ကစားသမားနှစ်ဦးလုံးကလည်း ပွဲထွက်ခွင့်အတွက် ပိုမို အပြိုင်အဆိုင် ဖြစ်လာနိုင်ပါတယ်။