ချန်ပီယံလိဂ်မကန်ရပေမယ့် မန်ယူဆီ လာဖို့ ဘယ်အရာက ဆွဲဆောင်ခဲ့သလဲဆိုတာ အန်တိုနီဖွင့်ဟ

Posted on

ယူနိုက်တက် အသင်းဟာ ယမန်နေ့ညကပဲ ရာဇီး တောင်ပံ ကစားသမားလေး အန်တိုနီ ကို နယ်သာလန် ကလပ် အိုင်ယက်စ် နေ ခေါ်ယူမှု ပြီးမြောက်ကြောင်း တရားဝင် ကြေညာသွားခဲ့ ပါတယ် ။အန်တိုနီ ဟာ နယ်သာလန် လိဂ် သမိုင်းမှာ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ရရှိသူ ဖြစ်လာခဲ့ပြီး ယူနိုက်တက် ဟာ ချန်ပီယံလိဂ် ၅ လုံးရှင် အသင်းကို ယူရို သန်း ၁၀၀ ( ၉၅ သန်း + ဆုကြေး ၅ သန်း ) ပေးချေ ရမှာပဲ ဖြစ်ပါတယ် ။

အန်တိုနီ ရဲ့ အသင်းဟောင်း ဘရာဇီး ကလပ် ဆာအိုပေါ်လို ဟာလည်း ပြောင်းရွှေ့ကြေးရဲ့ ရာခိုင်နှုန်း အစိတ်အပိုင်း အချို့ကို ရရှိမယ်လို့ သိရပါတယ်။ ၂၂ နှစ် အရွယ် တောင်ပံ ကစားသမားလေးဟာ အိုင်ယက်စ် ကို အဲရစ်တန်ဟတ် ကိုင်တွယ် နေစဉ်အတွင်းမှာ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး အခု မန်ချက်စတာ ယူနိုက်တက် မှာ ဆရာဟောင်း နဲ့ ပြန်လည် ဆုံတွေ့ တော့မှာမို့ အတော်လေး ပျော်ရွှင်နေပုံပါဘဲ။

တန်ဟတ် ဟာ အန်တိုနီ ကို ယူနိုက်တက် ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ ထဲမှာ အဓိက ကျတဲ့ ကစားသမား တယောက် အဖြစ် သတ်မှတ် ထားပြီး နွေရာသီ တလျောက်လုံး ခေါ်ယူနိုင်ဖို့ ကြိုးစား ခဲ့တာပဲ ဖြစ်ပါတယ်။အန်တိုနီ ကလည်း တန်ဟတ် ရဲ့ သူ့အပေါ် အရေးပါခဲ့ပုံ နဲ့ တန်ဟတ် လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပြန်လည် ထူထောင်ရေးမှာ အစိတ်အပိုင်း တခု အဖြစ် ပါဝင်ခွင့် ရရှိရေးဟာ အင်္ဂလိပ် ကလပ်ထံ ပြောင်းရွှေ့ လာခဲ့ရတဲ့ အဓိက အကြောင်းအရင်း ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ကမ္ဘာပေါ်က အကျော်ကြားဆုံး အသင်းတသင်းဆီ ပြောင်းရွှေ့ခွင့် ရတဲ့ အချိန်ဟာ ကျွန်တော့ဘ၀ ရဲ့ အခမ်းနားဆုံး အခိုက်အတန့်တွေ ထဲက တခုပါပဲ ။ ကျွန်တော့ကို ယုံကြည်ပေးခဲ့တဲ့ သူတွေ အားလုံးကို ကျေးဇူးတင် ပါတယ် ။ အထူးသဖြင့် ကျွန်တော့ နည်းပြ ၊ ကျွန်တော့ မိသားစုဝင်တွေနဲ့ ကျွန်တော် အသင်းဖော်တွေပါ ။ သူတို့ မရှိဘဲ အခုလို နေရာအထိ ကျွန်တော် မရောက်နိုင်ပါဘူး”

“အိုင်ယက်စ် မှာ တုန်းက အဲရစ်တန်ဟတ် ရဲ့ နည်းစနစ်တွေ အောက်မှာ ကစားခဲ့ရတာက တကယ့်ကို ပြီးပြည့်စုံတဲ့ အချိန်တွေ ပါပဲ ။ ကျွန်တော့ကို အများကြီး တိုးတက် စေခဲ့ပါတယ် ။ သူ့ရဲ့ ကစားဟန် ၊ သူ့ရဲ့ နည်းစနစ်တွေဟာ ကျွန်တော့ ဆီက အကောင်းဆုံးတွေကို ထုတ်နိုင်အောင် ကူညီပေးခဲ့ ပါတယ်”

“အခု မန်ချက်စတာ ယူနိုက်တက် မှာလည်း သူက အစီအစဉ်တွေ ဆွဲနေပါပြီ ။ အဲ့ဒိမှာ ကျွန်တော့ရဲ့ အခန်းကဏ္ဍ က ဘယ်လိုဆိုတာကို သူ ပြောပြချိန်မှာ ကျွန်တော် အရမ်းပဲ စိတ်လှုပ်ရှားမိခဲ့ ပါတယ် ။အိုင်ယက်စ် က ကျွန်တော့ နေ့ရက်တွေက တကယ့်ကို ထူးကဲ ခဲ့ပါတယ် ။ ဒါတွေကို ကျွန်တော် အမြဲ မှတ်မိနေမှာပါ ။ ကျွန်တော့ကို ယုံကြည်ပေးခဲ့တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် ။ အခု နောက်ထပ် စိန်ခေါ်မှု အသစ်အတွက် ကျွန်တော် အဆင်သင့် ဖြစ်နေပါပြီ ။ မန်ချက်စတာ ယူနိုက်တက် ကို အောင်မြင်မှုတွေ ပြန်ယူဆောင်ပေးတဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်း တခု အဖြစ် ပါဝင်ဖို့ မစောင့်နိုင်လောက် အောင်ပါပဲ” လို့ အန်တိုနီ က ပြောဆို သွားခဲ့ ပါတယ် ။

အန်တိုနီ ကတော့ လက်စတာ နဲ့ ပွဲမှာ မပါဝင်နိုင်ခဲ့ပေမယ့် အာဆင်နယ် နဲ့ ပွဲမှာတော့ ယူနိုက်တက် ဂျာစီ နဲ့ စတင် မြင်တွေ့ နိုင်ဖွယ် ရှိနေပါတယ်။