အန်တိုနီအတွက် နောက်ဆုံးကမ်းလှမ်းချက်ကို (၄၈)နာရီအတွင်းအဖြေပေးရန် သတိပေးလိုက်တဲ့ မန်ယူနိုက်တဒ်

Posted on

မန်ယူနိုက်တဒ် အသင်းဟာ အိုင်းယက်စ်အသင်းထံ ယူရိုသန်း(၉၀) နဲ့ ကမ်းလှမ်းထားမှုက အချိန်အကန့်သတ်ရှိနေပြီး ကစားသမားရဲ့ ဆန္ဒကြောင့် (၄၈)နာရီအတွင်း အဖြေပေးဖို့ သတိပေးလိုက်တယ်လို့ သိရပါတယ်။ အန်တိုနီ အတွက် ယူရိုသန်း(၆၀)၊သန်း(၈၀)တန်ကမ်းလှမ်းခဲ့မှုတွေကို အိုင်းယက်စ် ဖက်က တရားဝင်ပယ်ချခဲ့ပြီး လက်ရှိအချိန်မှာတော့ ယူရိုသန်း(၉၀) နဲ့ ကမ်းလှမ်းမှုအပေါ် ထပ်မံတိုးမြှင့်ပေးရန် တောင်းဆိုထားပါတယ်။

ယူနိုက်တဒ် ဘုတ်အဖွဲ့အနေနဲ့ အန်တိုနီ ကို ယူရိုသန်း(၁၀၀) အထိ ပေးချေရန် ဆန္ဒမရှိတာကြောင့် လက်ရှိကမ်းလှမ်းမှုဟာ နောက်ဆုံး ကမ်းလှမ်းမှုသာဖြစ်ပြီး လက်ခံ/မခံ ကို (၄၈)နာရီ အတွင်း အကြောင်းပြန်ရန်သာ ထပ်မံ အသိပေးခဲ့တာဖြစ်ပါတယ်။

အန်တိုနီ ကိုယ်တိုင်က အသင်းကနေ ထွက်ခွာလိုကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုခဲ့သလို အိုင်းယက်စ် အသင်းနဲ့ လေ့ကျင့်ခန်းဆင်းရန် ငြင်းဆိုထားတာ (၈)ရက်တာရှိလာပြီး တရားဝင် ပွဲစဉ်(၂)ပွဲလုံးကို ပါဝင်ဖို့ ငြင်းဆန်ထားပါသေးတယ်။

အစောပိုင်းမှာ လေ့ကျင့်ခန်း မလာရောက်တာကြောင့် အိုင်းယက်စ်အသင်းက တရက်ကို ယူရို(၅၀၀၀၀)ဒဏ်တပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဘရာဇီးလ်သားက လေ့ကျင့်ခန်းလာရောက်ပေမယ့် သီးသန့်လေ့ကျင့်ခန်းသာ ဆင်းခဲ့ပြီး အစောဆုံးပြန်လည်ထွက်ခွာတာမျိုးသာ ပြုလုပ်ခဲ့ပါတယ်။ ယနေ့ညကစားမယ့် ဒချ့်လိဂ် ပွဲမှာလည်း ပါဝင်မှာမဟုတ်ကြောင်း အတိလင်းပြောဆိုခဲ့ပါသေးတယ်။

အန်တိုနီ က သူ့ရဲ့ဆန္ဒကို အသင်းအနေနဲ့ လိုက်လျောပေးဖို့၊ပရိတ်သတ်တွေကလည်းနားလည်ပေးဖို့တောင်းဆိုထားပြီး သူဟာ အသင်းကနေ ထွက်ဖို့ဖိအားပေးနေတာမဟုတ်ပဲ ဒချ့်လိဂ်ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့သာ တိုက်တွန်းနေတာဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

အိုင်းယက်စ် အနေနဲ့ ဇီယချ် ကို အစားထိုးရန် ကြိုးစားခဲ့ပေမယ့် ချဲလ်ဆီးအသင်းရဲ့ မြင့်မားတဲ့ တောင်းဆိုမှုကြောင့်နောက်ဆုတ်ခဲ့ရပြီး လက်တလောမှာတော့ အပြောင်းရွှေ့ပိတ်ရန် နီးကပ်နေတာကြောင့် အန်တိုနီ ကို ရောင်းချမှာ မဟုတ်ကြောင်း အသိပေးထားပါတယ်။သို့သော်လည်း အသင်းမှာ ကူဒွတ်စ်၊ကိုင်စီရယ် တို့လို ညာတောင်ပံလူငယ်ကစားသမားတွေရှိနေတဲ့အပြင် အန်တိုနီကိုယ်တိုင်ကလည်း အတင်းအကြပ်ဖိအားပေးနေတာကြောင့် ယူနိုက်တဒ် ရဲ့ ယူရိုသန်း(၉၀)တန်ကမ်းလှမ်းချက်ဟာ အမ်စတာဒမ်ကလပ်အတွက် နောက်တစ်ခေါက်မရနိုင်တဲ့ အခွင့်အရေးဆိုတာတော့ နားလည်သဘောပေါက်မှာအသေချာပါပဲ။