ယူနိုက်တဒ်ကို ပြောင်းခွင့်ရဖို့ အသင်းကို အပြင်းအထန် ဖိအားပေးနေတဲ့ တန်ဟတ်ရဲ့အဓိကပစ်မှတ်

Posted on

အိုင်းယက်စ် တောင်ပံကစားသမား အန်တိုနီ ဟာ မူလသဘောတူညီချက်ကိုဖောက်ဖျတ်ပြီး မန်ယူနိုက်တဒ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ အိုင်းယက်စ်အသင်းရဲ့ လုပ်ရပ်အပေါ် အလွန်အမင်း စိတ်ပျက်နေတယ်လို့ သိရပါတယ်။ ယမန်နေ့က ပြုလုပ်တဲ့ လေ့ကျင့်ရေးအစီစဉ်အတွက် အသင်းထံသတင်းပို့ခဲ့ပေမယ့် အသင်းလိုက်လေ့ကျင့်ရေးမှာတော့ ပါဝင်ခြင်း မရှိပဲ သူ့ရဲ့ ဆန္ဒကို ရှင်းလင်းစွာ ထုတ်ဖော်ပြသခဲ့ပြီး အသင်းအနေနဲ့ မူလကတိကဝတ်တွေကို လိုက်နာဖို့ တောင်းဆိုခဲ့တယ်လို့ နယ်သာလန်က လာတဲ့သတင်းတွေကဆိုပါတယ်။

အန်တိုနီ နဲ့ အိုင်းယက်စ် ကြားမှာ ယူရိုသန်း(၈၀)တန်ကမ်းလှမ်းချက် ရောက်ရှိခဲ့ရင် ထွက်ခွင့်ပေးရမယ်လို့ မူလကသဘောတူထားပေမယ့် အမှန်တကယ်ကမ်းလှမ်းမှု ရောက်လာချိန်မှာတော့ နယ်သာလန်ကလပ်ဖက်ကငြင်းဆိုခဲ့ပါတယ်။

အန်တိုနီ က အဲရခ်တန်ဟဂ် ကို နှုတ်ဆက်ကြောင်း ပြောခဲ့စဉ်မှာထဲက အလိုရှိရင်အသင့်ပဲ လို့ စကားလမ်းကြောင်းစခဲ့သူဖြစ်သလို တန်ဟဂ် ကလည်း ညာတောင်ပံအတွက် အန်တိုနီ ကို အလိုရှိနေပါတယ်။

ယူနိုက်တဒ် ညာခြမ်းမှာ ဂျေဒန်ဆန်ချို ရှိပေမယ့် ဘယ်ခြမ်း မှာ ပိုမိုခြေစွမ်းပြနိုင်တဲ့ အင်္ဂလန်သားရဲ့ ခြေစွမ်း အပြင် မားကပ်စ်ရရှ်ဖိုဒ့် ရဲ့ ဆုတ်ယုတ်လာမှုကြောင့် တန်ဟဂ် က အန်တိုနီ ကို ခေါ်ယူကာ ညာခြမ်း ကစားစေလိုတာပဲ ဖြစ်ပါတယ်။အန်တိုနီ သာ ရောက်ရှိလာရင် ဆန်ချို က ဘယ်ခြမ်းထွက်ကစားရမှာဖြစ်လို့ ရရှ်ဖိုဒ့် အနေနဲ့ ပြိုင်ဘက်တိုးလာချိန် နေရာရဖို့ဆိုရင် ခြေစွမ်းပိုကောင်းအောင် ညှစ်ကစားရမှာဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းမပြနိုင်ရင် အရံခုံထိုင်သွားရနိုင်ပါတယ်။

မန်ယူနိုက်တဒ် နဲ့ အန်တိုနီ ရဲ့ တာဝန်ရှိသူတွေ ဂျူလိုင်မှာထဲက စတင်တွေ့ဆုံခဲ့ကြပြီး အိုင်းယက်စ်အသင်းနဲ့ ညှိနှိုင်းရာမှာတော့ ယူရိုသန်း(၈၀) ပမာဏမှာသာ လက်ခံစဉ်းစားမယ်လို့ အကြောင်းပြန်ခဲ့လို့ နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။ လက်တလောမှာတော့ ရော်နယ်ဒို ထွက်ခွာနိုင်ချေ ရှိနေတာကြောင့် အန်တိုနီ ကို ပြန်ပြောင်းစိတ်ဝင်စားနေတာဖြစ်ပြီး ကြာသပတေးနေ့က ယူရိုသန်း(၈၀) နဲ့ ကမ်းလှမ်းခဲ့မှုဟာ အိုင်းယက်စ် ရဲ့ ပယ်ချမှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

လက်ရှိမှာတော့ အန်တိုနီ က သူ့ကို အသင်းပြောင်းခွင့်ပေးဖို့ တောင်းဆိုနေပြီး လေ့ကျင့်ခန်းမဆင်းတာမျိုးအထိ ပြုလုပ်လာတာကြောင့် အိုင်းယက်စ် အနေနဲ့ ယူနိုက်တဒ်နဲ့ညှိနှိုင်းရန်သာ ပြန်လည် ကြိုးစားရဖွယ် ရှိပါတယ်။မန်ယူနိုက်တဒ် အသင်းက အန်တိုနီ အပြင် PSV ရဲ့ ဂတ်ပို ကိုလည်း ယူရို(၃၅)သန်းနဲ့ ခေါ်ယူဖို့ကြိုးစားနေပြီး ရိုမာနို ရဲ့အဆိုအရ သီးခြားအပြောင်းရွှေ့တွေ ဖြစ်လိမ့်မယ်လို့ သိရပါတယ်။