ယူနိုက်တဒ်မှာ ဆရာဟောင်းနဲ့ ပေါင်းစည်းနိုင်ဖို့ အန်တိုနီ ကျော်ဖြတ်ခဲ့ရတဲ့ အခက်ခဲမိုင်တိုင်များ

Posted on

မန်ယူနိုက်တဒ်အသင်းဟာ အိုင်းယက်စ် ရဲ့ ဘရာဇီးလ်ကြယ်ပွင့် အန်တိုနီ ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀) နဲ့ ခေါ်ယူလိုက်ပြီပဲ ဖြစ်ပါတယ်။အန်တိုနီ နဲ့ အိုင်းယက်စ် ကြားက တင်းမာမှု တွေ အပါဝင် ယူနိုက်တဒ် နဲ့ နယ်သာလန်ကလပ်ကြားမှာလည်းမျက်နှာပျက်စရာတွေ ဖြစ်လာတာကြောင့် အမှုဆောင်ချုပ် အက်ဒွင်ဗန်ဒါးဆားရ် ကိုယ်တိုင် ဝင်ပါခဲ့ရပြီး အဆုံးသတ်မှာတော့ ရောင်းချဖို့ သဘောတူညီခဲ့တာပဲ ဖြစ်ပါတယ်။

အန်တိုနီ ဟာ ယူနိုက်တဒ် ကို ပြောင်းရွှေ့ခွင့်ရဖို့အတွက် အရာရာ ကြိုးပမ်းခဲ့သလို သူ့ရဲ့ စိတ်အားထက်သန်မှု နဲ့ စွန့်လွှတ်မှုတွေက ခက်ခဲလှတဲ့ အပြောင်းရွှေ့ကို အဆုံးသတ်ခါနီးမှာ အပြီးသတ် ဖြစ်မြောက်စေခဲ့တာပဲဖြစ်ပါတယ်။

အန်တိုနီ အတွက် ယူနိုက်တဒ် ရဲ့ ယူရို (၇၅)သန်းတန် ကမ်းလှမ်းချက်က ဇူလိုင်မှာ ပယ်ချခံခဲ့ရပြီး အဆိုပါအချိန်ထဲက ဘရာဇီးလ်သားဟာ ယူနိုက်တဒ် နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ဘရာဇီးလ်သားက သူ့ရဲ့ အကိုဖြစ်သူအပါဝင် အေးဂျင့် အဖွဲ့ကို မန်ချက်စတာ မှာ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ရန် စေလွှတ်ခဲ့ပြီး ၂၀၂၇ အထိ ရှိမယ့် ငါးနှစ်စာချုပ်အတွက် ကနဦး သဘောတူညီမှု ရယူထားနိုင်ခဲ့ပါတယ်။

ယူနိုက်တဒ် ရဲ့ ကမ်းလှမ်းမှု နဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် ဒချ်ကလပ် ကတော့ ဆက်တိုက်ပယ်ချခဲ့ပြီး အန်တိုနီ ဟာ ရောင်းရန်မဟုတ်ဟု သာ အကြောင်းပြန်နေတာကြောင့် အပြောင်းရွှေ့ဟာ ခက်ခဲတဲ့ အခြေအနေလို့ ယူဆခဲ့ကြပါတယ်။သို့သော်လည်း ပြောင်းလဲမှုက ယူနိုက်တဒ် ပရိတ်သတ်တွေရဲ့ ဖိအားကြောင့် ဝန်ပိလာတဲ့ ဂလေဇာ က ငွေသုံးဖို့ ခွင့်ပြုပေးခဲ့တာကြောင့် လျှင်မြန်စွာတိုးတက်လာတာပဲ ဖြစ်ပါတယ်။

ယူနိုက်တဒ် ရဲ့ ဒုတိယအကြိမ်ကမ်းလှမ်းမှု ဖြစ်တဲ့ ယူရိုသန်း(၈၀) တန်ကမ်းလှမ်းချက်ကို အိုင်းယက်စ် အသင်းက ပယ်ချလိုက်ပြီးတဲ့နောက်မှာတော့ ကစားသမားဖက်က အသင်းနဲ့ တင်းမာတဲ့ ဆက်ဆံရေး ဖြစ်လာခဲ့ပါတယ်။အန်တိုနီ က လေ့ကျင့်ခန်းဆင်းရန်ပျက်ကွပ်သလို အသင်းရဲ့ အဖွင့်ပွဲကိုလည်း မပါခဲ့ပဲ ဆန္ဒပြခဲ့တာကြောင့် အသင်းဖက်က ယူရို(၅)သောင်း ဒဏ်တပ်ခံခဲ့ရပါတယ်။နောက်ရက်တွေမှာ လေ့ကျင့်ရေးကိုလာရောက်ပေမယ့် သီးသန့်လေ့ကျင့်ခန်းသာဆင်းခဲ့ပြီး ဒုတိယမြောက် ပွဲကိုလည်း ပါဝင်ရန်ငြင်းဆန်ခဲ့ပါတယ်။

ယူနိုက်တဒ် ရဲ့ တတိယအြကိမ်မြောက် ကမ်းလှမ်းမှုဖြစ်တဲ့ ယူရိုသန်း (၉၀) ကို ထပ်မံပယ်ချလိုက်တဲ့နောက်မှာတော့ အခြေအနေက ပိုမိုဆိုးရွားသွားခဲ့ကာ အန်တိုနီ က ရိုမာနို က တဆင့် သူ့ရဲ့ အသင်းပြောင်းလိုတဲ့ ဆန္ဒကို တရားဝင်ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အိုင်းယက်စ် အနေနဲ့လည်း ကစားသမားကိုယ်တိုင်က အသင်းမှာ ဆန္ဒပြနေသလို မီဒီယာကနေလည်း ဖော်ထုတ်လိုက်တာကြောင့် ယူနိုက်တဒ် ရဲ့ ယူရိုသန်း(၁၀၀) တန်ကမ်းလှမ်းမှု ရောက်ရှိလာချိန်မှာတော့ လက်ခံခဲ့ပြီး အပြောင်းရွှေ့ဟာ ဖြစ်မြောက်ခဲ့ရတာပဲဖြစ်ပါတယ်။