မန်ယူနိုက်တဒ်ကို ပြောင်းရွှေ့ခွင့်ရဖို့ ဘာမဆိုပြုလုပ်သွားဖွယ်ရှိတဲ့ အန်တိုနီ

Posted on

အိုင်းယက်စ်တောင်ပံကစားသမား အန်တိုနီ က တော့ မန်ယူနိုက်တဒ် ကို ပြောင်းရွှေ့နိုင်ရန် အတွက် ဘာမဆိုပြုလုပ်သွားဖွယ်ရှိတယ်လို့ သတင်းတွေကဆိုပါတယ်။

ယူနိုက်တဒ် ရဲ့ ယူရိုသန်း(၈၀) တန် ကမ်းလှမ်းမှုကို ပယ်ချလိုက်တာကြောင့် အိုင်းယက်စ် အသင်းအပေါ် ဒေါသထွက်ခဲ့တဲ့ အန်တိုနီ က အသင်းလေ့ကျင့်ရေးကို နှစ်ရက်တိုင် အကြောင်းပြချက်မရှိပဲ ပျက်ကွပ်ခဲ့သလို အေးဂျင့်ကတဆင့် အပြောင်းရွှေ့ပြုလုပ်နိုင်ရန်အတွက် ဖိအားပေးလျက်ရှိပါတယ်။အန်တိုနီ က အသင်းမှာဆက်နေရလည်းပြသနာမရှိကြောင်း အင်တာဗျူးပြုလုပ်ပြီး နောက်တစ်ရက်မှာပဲ လေ့ကျင့်ခန်းတွေကို ပျက်ကွပ်ခဲ့တာဖြစ်ပါတယ်။

အန်တိုနီ က ဘယ်ခြေအားသန် ညာတောင်ပံကစားသမားဖြစ်ပြီး တောင်ပံကိုပိုမိုထွက်ကစားနိုင်သလို အတွင်းကို ချိုးဝင်ရာမှာလည်း ဘယ်သန် ဖြစ်တာကြောင့် အားသာချက်များစွာ ရှိနေပါတယ်။ ဘရာဇီးလ်သားပီသတဲ့ ဘောလုံးစွမ်းရည် နဲ့ အလိမ်ခေါက်ကို ပိုင်ဆိုင်ထားသလို ပြိုင်ဖက်တွေကို အလွယ်တကူကျော်ဖြတ်နိုင်ပြီး တစ်ယောက်ချင်း ရင်ဆိုင်ရခက်ခဲတဲ့ ကစားသမားမျိုးဖြစ်ပါတယ်။

အန်တိုနီ က အသက်(၂၂)သာ ရှိသေးလို့ ဂိုးနဲ့ဖန်တီးမှု တွေက မြင့်မားနေခြင်း မရှိသေးပေမယ့် တန်ဟဂ် ရဲ့ ကစားကွက်မှာ တိုက်ရိုက်အံဝင်တဲ့သူဖြစ်ပြီး နည်းပြအတွက် အသက်ပဲသေသေ တိုက်ခိုက်ပေးမယ့် ကစားသမားမျိုးဖြစ်တာကြောင့် လက်ရှိ ရရှ်ဖိုဒ့် တို့ တသိုက်ထက် သိသိသာသာ ပိုကောင်းတဲ့ ကစားသမားဆိုတာတော့ အသေချာပါပဲ။

အန်တိုနီ အနေနဲ့ ဆရာဟောင်းတန်ဟဂ် နဲ့ ပြန်လည်လက်တွဲလိုပြီး သူ့ရဲ့ ဖြစ်တန်စွမ်းကို ပရီးမီးယားလိဂ်မှာ ချပြနိုင်ခဲ့ရင် ကမ္ဘာ့အဆင့်ကို တက်လှမ်းဖို့ ပိုမိုလွယ်ကူမယ်လို့ယူဆနေပါတယ်။

ယူနိုက်တဒ် ရဲ့ ယူရိုသန်း(၈၀)တန်ကမ်းလှမ်းချက်ပယ်ချခံခဲ့ရပေမယ့် ကစားသမားရဲ့ တွန်းအားပေးမှုက အိုင်းယက်စ်အသင်းကို အခက်ခဲတွေကြားကြုံတွေ့လာစေတာဖြစ်ပြီး အပြောင်းရွေ့မပိတ်ခင် ရောင်းချဖို့ ညှိနှိုင်းရေး ထဲ ဝင်ရောက်လာရဖွယ်ရှိပါတယ်။ ယူနိုက်တဒ် အနေနဲ့ အိုင်းယက်စ် တောင်းဆိုမှုဖြစ်တဲ့ ယူရိုသန်း(၁၀၀) ကို တော့ပေးချေဖွယ်မရှိပဲ ယူရိုသန်း(၈၀) ကို အသားတင်ပေးချေမှုတိုးမြှင့်ပြီးပေးချေတာမျိုးကိုသာပြုလုပ်ဖွယ်ရှိပါတယ်။